တပ်သိမ်းမြေ ဧက ၃၅၀ ကျော် ပုသိမ်တွင် ပြန်ပေး

ပို့စ်တင်ချိန် - 2/26/2014 03:55:00 PM


စည်သူမောင်မောင်

အနောက်တိုင်းစစ်ဌာနချုပ်နှင့် အမှတ်(၁၀) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်များက သိမ်းယူထား သည့် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်းရှိ လယ်ယာမြေ၊ စားကျက်မြေနှင့် ဥယျာဉ်မြေစုစုပေါင်းဧက ၃၅၀ ကျော်ကို မြို့နယ်မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီသို့ ဖေဖော်ဝါရီလ၂၅ ရက်တွင် ပြန်လည် ပေးအပ်လိုက်သည်ဟု ကော်မတီဥက္ကဋ္ဌဖြစ်သူ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက မဇ္ဈိမကိုပြော သည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ်စခန်းရုံး သိမ်းဆည်းထားသည့် စက်ပစ်ကွင်းမြေ ၂၀၄ ဒသမ ၄၃ ဧက နှင့် ဆင်မကျေးရွာလယ်မြေ ၁၂၆ ဒသမ ၇ ဧက၊ အမှတ်(၁၀)လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ရင်း သိမ်း ဆည်းလယ်မြေ ၂၅ ဒသမ ၇ ဧကကို ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အပ်နှံလယ်ယာမြေတွေကို မူလပိုင်ရှင်တွေဆီ ရောက်အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပြီး အမှန်တ ကယ်ပိုင်ဆိုင်သူလက်ထဲကို ရောက်စေချင်တယ်။ ကြားကလူတွေဆီမရောက်စေချင်ဘူး။ အမှန်တကယ် စွန့်လွှတ်သူ ပြန်ရစေချင်တယ်။ မြေစာရင်းကလည်း သေချာကူညီဆောင်ရွက်ပေးပါ။ သေချာ ညှိနှိုင်း ဆောင်ရွက်ပေးပါ။ ဆောင်ရွက်လို့မရမှ မြေယာအမှုအခင်း ဖွင့်လှစ်ဆောင်ရွက်မှာပါ။ ဘက်မလိုက်ဘဲ ရပ်/ကျေးမြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီတွေ သူတို့ကို နားလည်အောင် ရှင်းပြပါ”ဟု ပုသိမ်မြို့ နယ်အုပ်ချုပ်ရေးမှူးက မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ တွေ့ဆုံရာတွင် ပြောသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ်စခန်းရုံးမှ သိမ်းထားသည့်၂၀၄ ဒသမ ၄၃ ဧကတွင် ပုသိမ်မြို့ အမှတ် (၁၅) ရပ်ကွက်နှင့် ကိုးဆူးကျေးရွာတို့မှ စားကျက်မြေ ၁၆၆ ဒသမ ၄ ဧကနှင့် လယ်မြေ ၃၈ ဧက ပါဝင် ကာ ဆင်မကျေးရွာရှိ လယ်မြေသီးသန့် ၁၂၆ ဒသမ ၇ ဧကနှင့် အမှတ်(၁၀) လျှပ်စစ်အင်ဂျင်နီယာတပ်မှ သိမ်းဆည်းခဲ့သည့် ရွှေမြင်တင်အုပ်စု၊ ညောင်ဝိုင်းကျေးရွာမှ လယ်မြေ ၂၅ ဒသမ ၇ ဧက ပါဝင်သည်။

၂၀၁၃၊ အောက်တိုဘာလတွင်လည်း ရွှေသောင်ယံလယ်မြေ ၈ ဒသမ ၂၈ ဧကအား အနောက်တောင် တိုင်းစစ်ဌာနချုပ်စခန်းရုံးမှ အပ်နှံပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်မြေယာအသုံးချရေးကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ မြို့နယ်မြေစာရင်းဦးစီးက အတွင်းရေးမှူးအပါအ၀င် စီမံကိန်းဦးစီးမှူးအဖွဲ့ဝင်၊ မွေးမြူရေးနှင့် ကုသရေးအဖွဲ့ဝင်၊ စိုက်ပျိုးရေး ဦးစီး အဖွဲ့ဝင်၊ သစ်တောဦးစီးအဖွဲ့ဝင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ အဖွဲ့ဝင်နှင့် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ အဖွဲ့ဝင်တို့ ပါဝင်ဖွဲ့စည်းထားပြီး ရပ်ကျေး မြေယာအ သုံးချမှု စီမံခန့်ခွဲရေးကော်မတီများလည်း ဖွဲ့စည်းထားသည်။

Mizzima Burmese