တန်ဖိုးရှိသည့် လူတစ်ယောက် (Value)

ပို့စ်တင်ချိန် - 2/26/2014 02:50:00 PM


(Written by: ဒေါက်တာခင်မောင်ညို)

ခေါင်းဆောင်ကောင်းတစ်ယောက်သည် သူ့တစ်ယောက်တည်းအတွက်ကို မကြည့်တတ်ပါ။ သူ့အဖွဲ့တစ်ခုတည်း အတွက်လည်း ကြည့်သည်မဟုတ်ပါ။ သူသည် အားလုံးအတွက်ကြည့်သည်။ သူသည်တန်ဖိုးရှိသော လူတစ်ယောက်ဖြစ်သည်။

မင်ဒဲလား . . .

မင်ဒဲလားကိုကြည့်မည်။ သူသည် တောင်အာဖရိကတွင် နေထိုင်သည်။ ချမ်းသာသည်။

သူလွတ်လပ်စွာ သွားလာနိုင်သည်။ အာဖရိကလူမည်း ၇၅ ရာခိုင်နှုန်းတွင် အများစုသည် ဆင်းရဲကြသည်။ ဥရောပလူဖြူတွေ ၂၅ ရာခိုင်နှုန်းက ရာခိုင်နှုန်း ၈ဝ သောမြေကြီးကို ပိုင်ထားကြသည်။

လူမည်းတွေ မြို့ကြီးများတွင် နေထိုင်ခွင့်မရှိပါ။ လူဖြူတွေ အိမ်အနီးအနားတွင် သူတို့ကို တွေ့ရှိပါက သတ်ပစ်နိုင်ခွင့်ရှိသည်။

လူမည်းအများစု မလွတ်လပ်ပါ။ ဒါကိုသိတဲ့ မင်ဒဲလားသည် သူလွတ်လပ်သလို ကျန်သောလူမည်းများ လွတ်လပ်လိုမည်ကို သိသည်။ သူတို့ကို လွတ်လပ်စေချင်သည်။ ထိုအချိန်က အာဖရိကတွင် လူဖြူအစိုးရက လူမျိုခွဲခြားရေး ဝါဒဖြစ်သည့် apartheid ကို ခြေခံကာ အုပ်ချုပ်နေသည်။ သူက လူမည်းတွေဖက်ကနေ လူမျိုခွဲခြားရေး ဝါဒဖြစ်သည့် apartheid ကိုသဘောမကျပေ။

လူဖြူအနည်းစု အစိုးရက လူမည်းအများစုကို အုပ်စိုးသည်။ သူတို့ကပြောင်ပြောင်တင်းတင်း လူမျိုခွဲခြားရေး ဝါဒဖြစ်သည့် apartheid ဝါဒကို ပြဌာန်းသည်။ လူမည်းတွေက အခွင့်ရေး တူညီရမည်ဟု ဆိုသည်။ လူမည်းဘက်ကတွေက ANC (African National Congress) ကိုဖွဲ့သည်။ နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ သို့သော်သူတို့သည် လိုအပ်ချက်ကို တိုက်၍ယူမှရမည်ဟု လက်ခံထားသည်။ (မြန်မာနိုင်ငံတွင်လည်း ထိုအယူအဆတွေ ရှိခဲ့ဖူးသည်)

သူတို့၏ တောင်းဆိုချက်များအနက် တစ်ခုကတော့ တောင်အာဖရိကတွင် နေထိုင်သူများသည် တောင်အာဖရိကမြေကို ပိုင်ရမည်ဟူ၍ဖြစ်သည်။ (မလွတ်လပ်သော လူအများ၏ ခံစားချက်ဖြစ်သည်။ ကျွန်တော်တို့ သီချင်းတွေမှာပင် ထည့်ရေးကြသည်။ တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ၊ တို့ပြည်၊ တို့မြေဟူ၍ သိကြပါသည်။ တို့ပိုင်တဲ့မြေပင် ဖြစ်သည်)

ထိုသို့ အစိုးရ၏ ခွဲခြားမှု (apartheid) ဝါဒကို ဆန့်ကျင်သည့်အတွက် ANC ခေါင်းဆောင်များကို ထောင်သွင်းအကျဉ်းချမှတ်သည်။

၁၉၆၂ ခုနှစ်တွင် မင်ဒဲလားကို ထောင်ငါးနှစ်ချသည်။ နောက်တွင် ၁၉၆၄ တွင် နောက်တစ်မှုဖြင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချသည်။ သူ့ကို အာဖရိက ကျွန်းတစ်ခုဖြစ်သည် Robben Island ရှိ အကျဉ်းထောင်ကို ပို့သည်။

တစ်သက်တစ်ကျွန်း ထောင်ဒဏ်သည် ၂၅ နှစ်ဖြစ်၍ မင်ဒဲလားဆိုသူ လုံးဝပျောက်ကွယ်သွားမည်ဟု ယူဆကြသည်။

ထောင်သည် တောင်ကုန်းလေးတွင်ဖြစ်၍ မင်ဒဲလားကို တောင်ကိုဖောက်ကာဆောက်ထားသော အခန်းတွင်ထားသည်။ အလင်းရောင်တော့ရသည်။ ဘာကိုမှတော့ မမြင်ရ။ သို့သော် ထောင်ထဲရှိ ၂၅ နှစ်တွင် မင်ဒဲလားသည် မြင်အောင်ကြည့်သည်။

ဘယ်လိုကြည့်လဲ . . .

သူသည် မြေရာခိုင်နှုန်း ၈ဝ ပိုင်ထားသော လူဖြူတွေကို မကျေနပ်ပါ။ သူတို့တိုင်းပြည်တွင် လူမည်းက ၇၅ ရာခိုင်နှုန်း ဖြစ်သည်။ လူဖြူက ၂၅ ရာခိုင်နှုန်းသာရှိသည်။ ထိုဥရောပနွှယ်ဖွား လူဖြူများသည် မြို့ကြီးများရှိ မြေအားလုံးကို ပိုင်ဆိုင်ကြသည်။

သူတို့၏ အခြေခံဥပဒေအရ လူဖြူများပိုင်သော နယ်မြေများကို (လူမည်းတွေ)ကျူးကျော်လာရောက်သည်ကို တွေ့ရှိပါက ပစ်သတ်နိုင်ခွင့်ရှိသည်။ လူမည်းများကို ပစ်သတ်ပြီး သူတို့ခြံဝင်း ဘယ်နေရာမှာ ရောက်နေလို့ပါဟု အကြောင်းပြကာ သေနတ်ဖြင့် အပစ်ခံရသည်လည်း ရှိတတ်သည်။

အင်မတန် ဆိုးပါသည်။ လူမျိုခွဲခြားရေးဝါဒ apartheid သည် အင်မတန်ဆိုးကြောင်း သိသာပါသည်။ သူတို့အစိုးရအဖွဲ့ဖွဲ့ရန် မဲထည့်သော်လည်း လူဖြူများသာ မဲထည့်ရသည်။

လူဖြူများသာ အစိုးရဖြစ်သည်။ ထိုအစိုးရအဖွဲ့က မင်ဒဲလားကို ထောင်ချသည်။ မတရားဘူး။ ဖိနှိပ်ချုပ်ချယ်သည်ဟူသော စကားကို ပြောစရာမလိုပါ။ သို့သော် မင်ဒဲလား ထောင်ထဲတွင် နေထိုင်သော ၂၅ နှစ်တွင် အသိတွေ ရလာသည်။

ကမ္ဘာကလိုလားသော ခေါင်းဆောင် . . .

စာရေးဆရာ Mark Gerzon ရေးထားသော Leading Through Conflict စာအုပ်ထဲမှ ကောက်နုတ်ဖော်ပြလိုသည်။

ကျွန်တော်ကျောင်းသားများကို တွေ့ဆုံမေးမြန်းသည့် အခါတွေမှာ ‘မင်းတို့အနေနဲ့ စစ်ရေး ဒါမှမဟုတ် နိုင်ငံရေးတွေမှာ ဦးဆောင်ဦးရွက်ပေးနိုင်သူ ခေါင်းဆောင်တစ်ယောက်ကို ဖော်ပြပါ’ ဟု ဆိုသည့်အခါ သူတို့သည် ဘယ်တော့မှ အာဏာရှင်တွေကို ရွေးချယ်ခြင်းမပြုပါ။

လူတွေကြောက်ရွံ့အောင် လုပ်သူများ၊ သွေးဆောင်ဖြားယောင်းသူများ၊ အုပ်ချုပ်သူ မန်နေဂျာများကိုလည်း ရွေးချယ်ခြင်းမပြုပါ။ ပညာတော်သူ တက္ကနိုလိုဂျီ ကျွမ်းကျင်သူ များစွာကိုလည်း ရွေးချယ်ခြင်းမပြုပါ။ စစ်ဗိုလ်ချုပ်ကြီးများကိုလည်း မရွေးချယ်ပါ။ သူတို့သည် မျှတသောသူကိုသာ ရွေးချယ်ကြသည်။ သူတို့တင်ပြသော ခေါင်းဆောင်ထဲတွင် မင်ဒဲလားသည် အဓိက ပါဝင်လာသည်။

ဘယ်လိုဖြစ်တာလဲ . . .

အာဏာရှင်များက မင်ဒဲလားကို ထောင်သွင်းအကျဉ်းချသည်။ သူတို့၏စနစ်ကို တည်ဆောက်ရန်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် နိုင်ငံရေး အကျဉ်းသားများသည် ထိုသို့ပင်ဖြစ်လာသည်။

သို့သော် မင်ဒဲလားက ကြီးမြတ်သောအမြင်ကို ထောင်ထဲတွင် ရရှိခဲ့သည်။ ထိုအမြင်သည်ကား “အပြည့်အဝ” ကိုမြင်ခြင်းပင် ဖြစ်သည်။ သူကထောင်ထဲတွင် ကြေညာသည်။

ကျွန်တော်သည် “တစ်ဖက်တည်း” ကို ကြည့်သူအနေနဲ့ တောင်အာဖရိကနိုင်ငံကို မတည်ထောင်လိုပါ။ “အပြည့်အဝ” ကိုကြည့်ပြီး နိုင်ငံကို တည်ထောင်မည်။ ထိုသို့ တည်ထောင်မှလည်း နိုင်ငံသည် အေးချမ်းသာယာမည်ဟူ၍ ဖြစ်သည်။ (ဒါကို integrity ဟုဆိုသည်)

မင်ဒဲလားကို အဓိက အထောက်အကူပြုသည်မှာ ထိုအချိန်က သမ္မတဒီကလပ် (F. W. de Klerk) ပင် ဖြစ်သည်။ သို့သော် ယနေ့သူကွယ်လွန်သည်အထိ သူ့ကိုတစ်ကမ္ဘာလုံးက ထောက်ခံပြီး တကယ့်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြသည်။

နိဂုံး . . .

မြန်မာနိုင်ငံမှာကော ကျွန်တော်သည် “တစ်ဖက်တည်း” ကို ကြည့်သူအနေနဲ့ တည်နေကြမှာလား။ အပြည့်အဝကိုကြည့်ဖို့ မကြိုးစားတော့ဘူးလား။ တောင်အာဖရိကနှင့် မင်ဒဲလားအကြောင်း ဆက်ရေးပါဦးမည်။

(နယ်ဆင်မင်ဒဲလား၏ ၂၀၀၇ ခုနှစ်တွင် ကျရောက်ခဲ့သော ၈၉ နှစ်ပြည့် မွေးနေ့ပွဲတွင် ကလေးငယ်များနှင့်အတူ တွေ့ရစဉ် (Photo:AFP))

Eleven Media Group