MPU ကတ်ကို အာရှနိုင်ငံများတွင် သုံးစွဲနိုင်ရန် ဆောင်ရွက်မည်

ပို့စ်တင်ချိန် - 2/26/2014 05:17:00 PM




ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ပြည်တွင်းဘဏ်များ စုစည်းတည် ထောင်ထားသည့် MPU (Myanmar Payment Union) က Asian Payment Network (APN) အတွင်း ဝင်ရောက်၍ အာရှနိုင်ငံများတွင် MPU ကတ် သုံးစွဲနိုင်ရန် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း MPU အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

Asian Payment Network ကွန်ရက်အတွင်း ဝင်ရောက်နိုင်ပါက ယင်းကွန်ရက် ချိတ်ဆက်ထားသည့် အာရှနိုင်ငံများ၌ ပြည်တွင်းမှ MPU ကတ် ကိုင်ဆောင်သူများ သုံးစွဲနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ထည့်တာကတော့ မြန်မာငွေပဲ ဖြည့်ရမယ်။ အွန်လိုင်း ငွေချေမှုကတော့ သေချာပြောလို့ မရသေးဘူး။ ATM တွေ၊ POS (ငွေပေးချေစက်) တွေမှာ သုံးလို့ရမယ်” ဟု ဦးဇော်လင်းထွဋ်က ဆိုသည်။

MPU (Myanmar Payment Union) က Asian Payment Network အတွင်း ဝင်ခွင့်ရရန် အဆိုပါ အဖွဲ့ဝင်များထံမှ ဖိတ်ကြားစာ ရရှိပါက MPU က ကတ်ငွေချေမှုနှင့် ပတ်သက်သည့် Presentation တစ်ခု ပြုလုပ်ပေးရမည် ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် APN ကို ဝင်ရောက်ခဲ့သည့် ဂျပန်အခြေစိုက် NTT DATA Corporation ၏ ကတ်နှင့် ငွေပေးချေမှုဆိုင်ရာ အရာရှိ Mr. Katsuhiro Morimura က ပြောကြားသည်။

အာရှနိုင်ငံများ သွားရောက်ရာတွင် MPU ကတ် အသုံးပြုနိုင်မည် ဆိုပါက အဆင်ပြေကြောင်း နိုင်ငံတကာ ခရီးစဉ်များ သွားရောက်လေ့ရှိသူ ဗိသုကာ ပညာရှင် ဦးတင်မြတ်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် MPU ကတ်များကို ၂၀၁၂ ခုနစ် အောက်တိုဘာလတွင် ထုတ်ဝေခဲ့ပြီး လက်ရှိတွင် သုံးစွဲသူ ခြောက်သိန်းဝန်းကျင် ရှိကြောင်း MPU ထံမှ သိရသည်။

Asian Payment Union အဖွဲ့ကို ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့မှ ကတ်ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်သည်။

The Voice Weekly