LG မှ ထုတ်လုပ် လိုက်သည့် မျက်နှာပြင်ကွေး စမတ်ဖုန်း G Flex ကို မတ်လတွင် ပြည်တွင်း၌ စတင်ရောင်းချမည်

ပို့စ်တင်ချိန် - 2/26/2014 04:16:00 PM


Wedesday, February 26, 2014

LG Electronic မှထုတ်လုပ်လိုက်သည့် ကမ္ဘာ့ပထမဆုံး မျက်နှာပြင်ကွေး စမတ်ဖုန်း G Flex ဖုန်းကိုမတ်လတွင် ပြည်တွင်း၌ စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ “ဝယ်ယူချင်တဲ့ သူတွေကို Preorder လက်ခံသွားမှာ ဖြစ်ပါတယ်။ မတ်လတွင် မြန်မာနိုင်ငံမှာ စတင်ရောင်းချ သွားမှာပါ”ဟု LG Electronic Myanmar မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မျက်နှာပြင်မှာ Curved P-OLED နည်းပညာ အသုံးပြု ၆ လက်မအရွယ် စကရင်ဖြစ်ပြီး Resolution 1280×720 Pixels ရှိသည်။ CPU က 2.26 GHz Quad-Core ဖြစ်ပြီး Snapdragon 800 ချစ်ပ်တပ်ဆင် ထားသည်။ ဖုန်း၏ရုပ်ထွက်၊ ဂရပ်ဖစ်နှင့် Animation အတွက် GPU ကို Adreno 330 သုံးစွဲထားသည့်အတွက် ဂရပ်ဖစ်ပိုင်း မြင့်မားသည့် စမတ်ဖုန်းတစ်လုံး ဖြစ်သည်။

RAM 2GB အသုံးပြုထားပြီး ဖုန်းတွင်းမှတ်ဥာဏ် 32GB ပါဝင်ပြီး ထူးခြားချက် အနေဖြင့် ၃၂ ကီလိုဂရမ် (၇၀ ပေါင်ခန့်) အထိဖိအားကို ခံနိုင်ရည်ရှိသည်။ နောက်ကျော မျက်နှာပြင်တွင်သာမန် စင်းရာ၊ ခြစ်ရာများကို နှစ်မိနစ်အတွင်း ပြန်ပျောက်သွားစေသည့် နည်းပညာပါရှိကြောင်း သိရသည်။ 3500 mAh ဘက်ထရီကို အသုံးပြုထားသည်။ 13 MP ရုပ်ထွက် အရည်အသွေးရှိသည့် ကင်မရာ ပါဝင်သည်။ Android OS ဗားရှင်း 4.3 (Jelly Bean) သုံးစွဲထားသည်။ ဖုန်း၏အလေးချိန် ၁၇၇ ဂရမ်ရှိသည်။ GSM, WCDMA ဖုန်းလိုင်းကတ်များကို ထည့်သွင်း အသုံးပြုနိုင်သည်။ 4G LTE စနစ်တွင်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ဖုန်း ၀၉-၇၃၁၀၉၄၇၈ သို့ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။

-ကောင်းမြတ်ထွန်း ၊ ဝေဝေ (myanmarinternetjournal)