ဖိလစ်ပိုင်ငါးဖမ်းသမားများအား တရုတ်မှ ရေထုထိုးဖောက် ပစ်ခတ်နိုင်သော အမြှောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ဖြေရှင်းရန် ဖိလစ်ပိုင်မှ တရုတ်နိုင်ငံအား တောင်းဆို

ပို့စ်တင်ချိန် - 2/26/2014 02:49:00 PM


မနီလာ၊ ဖေဖော်ဝါရီ ၂၆

နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် Scarborough Shoal ကျွန်းဆွယ်တွင် တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များက ဖိလစ်ပိုင် ငါးဖမ်းသမားများအား ရေထုထိုးဖောက် ပစ်ခတ်နိုင်သော အမြှောက်ဖြင့် ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံထံမှ အမြန်ဆုံး ဖြေရှင်းချက်ပေးသွားရန် ဖိလစ်ပိုင်သမ္မတ Benigno Aquino က ယမန်နေ့က တောင်းဆိုခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံသို့ အဆိုပါ အကြောင်းအရာနှင့်ပတ်သက်ပြီး သံတမန်နည်းကျ သတင်းစကား ပေးပို့ထားပြီး ဖြစ်ကြောင်း၊ ပထမဆုံးအဆင့်အနေဖြင့် သံတမန်နည်းလမ်းဖြင့် အသိပေးခြင်း ဖြစ်ကြောင်း သမ္မတက သတင်းထောက်များသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး Emmanuel Bautista က ပစ်ခတ်မှုသည် ဇန်န၀ါရီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း ပစ်ခတ်ခံရသော ဖိလစ်ပိုင်ငါးဖမ်းသမားများအနေဖြင့် ဒဏ်ရာရရှိမှု၊ မရရှိမှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း တရုတ်နိုင်ငံက အဆိုပါ စွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်ပြီး ငြင်းဆန်ခဲ့သည်။
Scarborough Shoal ကျွန်းဆွယ်သည် ကျောက်ဆောင်အငူတစ်ခုဖြစ်ပြီး၊ ဖိလစ်ပိုင်တို့မှ ငါးဖမ်းရာ နယ်မြေတစ်ခုဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ အဓိကကျွန်းဖြစ်သော Luzon ကျွန်းနှင့် ၂၂၀ ကီလိုမီတာ အကွာ၊ တရုတ်နိုင်ငံ Hainan ကျွန်း၏ ၆၅၀ ကီလိုမီတာ အကွာတွင်တည်ရှိခြင်း ဖြစ်သည်။

တောင်တရုတ်ပင်လယ်ပြင်သည် ကမ္ဘာတွင် အဓိကအရေးပါသည့် ရေကြောင်းသွားလာမှုလမ်းများ၊ ကုန်စည်သင်္ဘောများ သွားလာရာ အဓိကအရေးပါသည့် လမ်းများအနက် တစ်ခု အပါအ၀င် ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်ပြင်ရှိ ၎င်းနိုင်ငံအနီးနားရှိ ကမ်းခြေများ၊ ရေပြင်ပိုင်နက်များနှင့် နယ်မြေအများစုကို ၎င်းနိုင်ငံမှ ပိုင်ဆိုင်ကြောင်း ပြောဆိုလျက် ရှိသည်။

ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်နိုင်ငံတို့သည်လည်း ၎င်းပင်လယ်ပြင်ရှိ နယ်မြေများကို ပိုင်ဆိုင်လိုမှုနှင့်ပတ်သက်ပြီး ပြောဆိုလျက်ရှိကြသည်။
ပြီးခဲ့သည့်နှစ်က ဖိလစ်ပိုင်နိုင်ငံသည် ပင်လယ်ပြင်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တရားနည်းလမ်းတကျ လုပ်ဆောင်ရန် ကုလသမဂ္ဂခုံရုံးသို့ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar