ရုရှားဘာသာကို ရုံးသုံးသတ်မှတ်မှုမှ ပယ်ဖျက်ရန် ယူကရိန်း လုပ်ဆောင်

ပို့စ်တင်ချိန် - 2/26/2014 08:38:00 PM



မော်စကို၊ ဖေဖော်ဝါရီ ၂၄

ရုရှား ဘာသာစကားကို ယူကရိန်း ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားမှုမှ ပယ်ဖျက်ရန် ယူကရိန်းနိုင်ငံက ဥပဒေ ရေးဆွဲနေသည်ကို အနီးကပ် စောင့်ကြည့်နေသည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက ပြောကြား သွားကြောင်း RIV သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်း သမ္မတ ဗစ်တာယာနျူကိုဗစ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရာထူးမှ ဖြုတ်ချလိုက်ပြီးနောက် ယခုကဲ့သို့သော ဥပဒေ အဆိုပြုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နိုင်ငံရေးရာ မတည်ငြိမ်မှုများ ဖြစ်ပွားနေသော ဆိုဗီယက် ပြည်ထောင်စုဝင်ဟောင်း ယူကရိန်းနိုင်ငံတွင် အမျိုးသားရေးဝါဒများ ခေါင်းထောင်နေပြီး နိုင်ငံတွင်းရှိ လူနည်းစု ရုရှားလူမျိုးများကို မမျှမတပြုမှု ဆက်ဆံမှုများ ပေါ်ပေါက်လာနိုင်သည်ဟု စိုးရိမ်မှုများ ပေါ်ပေါက်နေသည်။

“အခြေခံဥပဒေ ပြင်ဆင်မှု အပါအဝင် ဘယ်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမဆို ယူကရိန်း နိုင်ငံသားအားလုံး အကျိုးစီးပွားတွေကို ထည့်သွင်း တွက်ချက်ပြီးမှ လုပ်ဆောင်ရပါမယ်” ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန လူ့အခွင့်အရေးဆိုင်ရာ အရာရှိ ဂေါခိုဂ်က ပြောကြားသည်။

ယူကရိန်း ဘာသာစကား တစ်ခုတည်းကိုသာ နိုင်ငံ၏ တစ်ခုတည်းသော တရားဝင် ရုံးသုံးဘာသာအဖြစ် သတ်မှတ်နိုင်ရန် ဥပဒေကြမ်း ရေးဆွဲနေသည်ဟု ယူကရိန်း မီဒီယာများက တနင်္ဂနွေနေ့တွင် ရေးသားဖော်ပြခဲ့သည်။

ရုရှား စကားပြော လူဦးရေ ၁၀ ရာခိုင်နှုန်းထက် မနည်းရှိသည့် ဒေသများတွင် ရုရှားဘာသာကို တရားဝင် ရုံးသုံးဘာသာအဖြစ် သတ်မှတ်ထားပြီး လက်ရှိတွင် ယူကရိန်းနိုင်ငံတွင်းရှိ ဒေသထက်ဝက်ကျော်မှာ ယင်းသတ်မှတ်ချက်နှင့် ကိုက်ညီနေသည်။

ထို့အပြင် ယူကရိန်းနိုင်ငံမှာ ရုရှားစကားပြော အရှေ့ခြမ်းဒေသနှင့် ယူကရိန်း စကားပြော အနောက်ခြမ်း ဒေသဟူ၍ နှစ်ပိုင်းကွဲနေပြီး အများစုမှာ ဘာသာစကား နှစ်မျိုးလုံးကို ရောနှောထားသည့် ဆာဇစ် ဆိုသည့်စကားကို အသုံးပြုလျက်ရှိသည်။

ရာထူးမှ ဖြုတ်ချခံခဲ့ရသော ယူကရိန်း သမ္မတ ယာနျူကိုဗစ်၏ နိုင်ငံရေးရာ အခြေခံ နယ်မြေသည် ရုရှားစကားပြော အရှေ့ခြမ်း နယ်မြေများဖြစ်ပြီး အတိုက်အခံ နိုင်ငံရေးသမား အများစုမှာ နိုင်ငံအနောက်ခြမ်းမှ ဖြစ်ပြီး အစွန်းရောက် အမျိုးသားရေး ဝါဒီများလည်း ရောနှော ပါဝင်နေသည်။

ယာနျူကိုဗစ်မှာ ၂၀၁၀ ပြည့်နစ် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၄၈ ဒသမ ၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီး တာဝန် ထမ်းဆောင်စဉ် ကာလတွင် ယူကရိန်း စကားပြော ညံ့ဖျင်းသဖြင့် မကြာခဏ လှောင်ပြောင်ခံခဲ့ရသည်။

ယူကရိန်းနိုင်ငံ ကြုံတွေ့နေရသော ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ရုရှားနိုင်ငံထံမှ ငွေကြေးထောက်ပံ့မှု လက်ခံမည်ဟု သမ္မတဟောင်း ယာနျူကိုဗစ်က ဒီဇင်ဘာလတွင် သဘောတူညီ ခဲ့သော်လည်း လက်ရှိတွင် ယာနျူကိုဗစ်မှာ ရာထူးမှဖယ်ရှားခံ လိုက်ရပြီ ဖြစ်သဖြင့် သဘောတူညီချက်ကို ပြန်လည် ဖယ်ရှားနိုင်သည်ဟု ရုရှားက အချက်ပြလျက်ရှိသည်။

ရုရှားနိုင်ငံက ယင်းကဲ့သို့ လုပ်ဆောင်လာသဖြင့် ကူညီထောက်ပံ့မှုများ အစားထိုး ပေးအပ်နိုင်ရန် အနောက်တိုင်း ခေါင်းဆောင်များ တနင်္လာနေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဥရောပသမဂ္ဂ အဖွဲ့နှင့် အနီးကပ် ပူးပေါင်းရေး လမ်းကြောင်းကို ရုရှားနှင့် နီးစပ်သော သမ္မတ ယာနျူကိုဗစ်က စွန့်လွှတ်လိုက်ပြီးနောက် ယူကရိန်း နိုင်ငံတွင်း မတည်ငြိမ်မှုများ စတင်ပေါ်ပေါက်ခဲ့ပြီး လက်ရှိတွင် သမ္မတ ယာနျူကိုဗစ်ရာထူးမှ နုတ်ထွက်သွားရကာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

The Voice Weekly