ဘုရားဆင်းတုတော်အား ဆိုင်ကယ်ဖြင့်တင်ဆောင် ခိုးယူပြေးသွားသူကို ဒေသခံပြည်သူများက ၀ိုင်းဝန်းဖမ်းဆီး

ပို့စ်တင်ချိန် - 5/12/2014 05:55:00 AM


သတင်း၊ ကိုတိုးကြီး
မြင်းမူ၊ မေ 11
ဗုဒ္ဓဆင်းတုတော်တစ်ဆူအား ဆိုင်ကယ်စီးလူငယ်လေးယောက်မှ ခိုးယူထွက်ပြေးခဲ့သော်လည်း ဒေသခံပြည် သူများက ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ရပ်ကို မေလ ၈ ရက်နေ့ည ၁၁ နာရီခွဲအချိန်က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပျော့ကျေးရွာတွင် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ပျော့ကျေးရွာတွင် ရှေးမြန်မာမင်းများမှ တည်ထားကိုးကွယ်ခဲ့သော “ ရွှေဇာလီ” ဘုရားအတွင်းမှ ဗုဒ္ဒဆင်းတု တော်တစ်ဆူအား ဆိုင်ကယ်စီးလူငယ်လေးယောက်မှ ခိုးယူထွက်ပြေးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်နှင့်အဖွဲ့က သတင်းရလျင်ရချင်း ရွာသူ/ရွာသား လူအင်အား(၇၀)ကျော်ခန့်ဖြင့် ပျော့ကျေးရွာနှင့် ညောင်ပင်ဝန်းကျေးရွာတံတားအကြား ၀ိုင်းဝန်းပိတ်ဆို့၍ ဗုဒ္ဒဆင်းတုတော် ခိုးယူခဲ့သူများကို ဖမ်းဆီးခဲ့ရာ ဘုရားခိုးသူများသည် ဆင်တုတော်အား ဆိုင်ကယ်ပေါ်မှပစ်ချထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် ဘုရား ဆင်းတုတော်မှာ ဦးခေါင်းတော်ပြတ်သွားခဲ့ရသည်။ ဗုဒ္ဒဆင်းတုတော် ပျက်စီးဆုံးရှုံးမှုတန်း ဘိုးငွေကျပ် (၁၀)သိန်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်နှင့်အဖွဲ့က ခန့်မှန်းတွက်ချက်ထားကြောင်း သိရ သည်။
ထိုအချိန်၌ မြင်းမူမြို့မရဲစခန်းမှူး ဒုရဲမှူး အုန်းလွင်ဦးနှင့်အဖွဲ့သည် ထီးစောင်းကျေးရွာလမ်းခွဲထိပ်နေရာမှ ဘုရားခိုးများဟု ယူဆရသူများကို ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာ စည်မြို့နယ်၊ ထွန် တုံးရပ်ကွက်နေ ကိုစိုးငယ် ဆိုသူနှင့် ပခုက္ကူမြို့ ဆင်ပေါက်လှရပ်ကွက်နေ ကျော်စွာဝင်း ဆိုသူနှစ်ဦးတို့ စီးနင်း လာသော CZI 125 အမျိုးအစား ဆိုင်ကယ်ယာဉ်အမှတ် ၂၅ယ/ ၆၁၆၁၂ အတူ ဖမ်း ဆီးခဲ့ခြင်းဖြစ်သည်။ ကျန်အမည်မသိ ဘုရားခိုးလူငယ်နှစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
“ စိုးငယ်ပါ(၄)ဦးအဖွဲ့က ခိုးယူခဲ့တဲ့ ဆင်းတုတော်( ဦးခေါင်းမပါ)၊ ဥာဏ်တော်အမြင့်(၂)ပေ၊(၉)လက္မ ကျောက်ဆင်းတုတစ်ဆူကို သက်သေများရှေ့မှောက်မှာ အပ်ပေးတဲ့အတွက် ရှာဖွေပုံစံရေးသွင်းပြီး သိမ်းဆီး ထားပြီးဖြစ်ပါတယ်..” ဟု မြင်းမူမြို့မရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိတစ်ဦးမှ ပြောပြသည်။
ပျော့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်မှ မေလ ၉ ရက်နေ့ မနက် ၅ နာရီအချိန်တွင် အဆိုပါ ဘုရားခိုးယူ သူများအား အမှုဖွင့်အရေးယူပေးရန် တရားလိုပြုလုပ်၍ ရဲစခန်းသို့တိုင်တန်းခဲ့ရာ ရဲစခန်းက(ပ)၉၇/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၀/၂၉၅ အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရှိရသည်။
ထိုနေ့က ရွှေဘိုမြို့နယ်၊ မြင်းကသာကျေးရွာ၏တောင်ဘက်ရှိ ဆုတောင်းပြည့်မာန်အောင်စေတီဘုရား၏ အရှေ့မုခ်တွင် တည်ထားကိုးကွယ်လျက်ရှိသော ဥာဏ်တော်အမြင့် (၂)ပေခွဲ(၃)ပေခန့်အရွယ်ရှိ ကျောက် ဆင်းတု ဗုဒ္ဒဆင်းတုတော်တစ်ဆူ ခိုးယူခံခဲ့ရသည့်အတွက် အဆိုပါ ဘုရားဂေါပကလူကြီး ဦးဥ ဆိုသူမှ ရွှေ ဘိုမြို့မရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။
အဆိုပါ တိုင်းတန်းချက်အား ရွှေဘိုမြို့မရဲစခန်းက(ပ) ၂၂၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၀/၂၉၅ အရအမှုရေးဖွင့် ၍ ဒုရဲအုပ် အောင်ဇော်ဦးမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း