KIA အား ၁၃ သိန်းပေး၍ ပြန်လွတ်လာသူ ဆေးဝါးကုသမှုခံယူနေရ

ပို့စ်တင်ချိန် - 5/12/2014 12:30:00 PM




ကချင်ပြည်နယ်၊ မိုးညှင်းမြို့အောင်သပြေ(၁)ရပ်ကွက်နေ ဦးစိန်သန်းအား အေပြီ(၂၈)ရက်နေ့တွင် လယ်ထဲသို့သွားစဉ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီးနောက် မေ(၈)ရက်ည(၈)နာရီခန့်တွင် ၄င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာသော်လည်း ဆေးကုသမှုချက်ချင်းခံယူခဲ့ရကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

အဆိုပါရပ်ကွက်နေ ဦးစိန်သန်းနှင့် ဦးရဲအောင်တို့(၂)ဦးသည် အေပြီ(၂၈)ရက်နေ့ နံနက်(၇)နာရီခန့်တွင် လယ်တောသို့ သွားစဉ် KIA မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဦးရဲအောင်အားပြန်လွှတ်ပေးသော်လည်း ၄င်းအားဆက်လက်ဖမ်းဆီးသွား ခဲ့ခြင်းဖြစ်ပြီး ယခုမှ ပြန်လည်လွှတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
`` သူအရမ်းကြောက်နေတယ် ၊ အခုဆေးတောက်လျှောက်ကုနေရတယ်၊ ဘယ်သူ့မှကိုစကားမပြောရဲဘူးဖြစ်နေတယ်၊ KIA ကဖမ်းသွားပြီး သူတို့စခန်းမှာနှိပ်စက်ခဲ့တာ ဘယ်လောက်ဆိုးလဲတော့မသိဘူး၊ အိမ်ရာထဲကကို မထနိုင်ဘူး´´ ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
မိုးညှင်းမြို့ပေါ်ရပ်ကွက်များတွင် KIA မှ ညအချိန်မတော်ဝင်ရောက်ပြီး လူသစ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ (၃၀)ဦးထက်မနည်း အဖမ်းခံရကြောင်း၊ KIA မှ တပ်ဖွဲ့ဝင်ဟောင်းများဟု အကြောင်းပြကာ ဖမ်းဆီးသော်လည်း ဒေသခံများအဓိကပါဝင်နေ ကြောင်း၊ KIA စခန်း၌ ကြိုးတုတ်ဖမ်းဆီးထားကြောင်းနှင့် ငွေပေးနိုင်သောသူများကို ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့၍ ဦစိန်သန်းအား ငွေပေးကာ ပြန်ရွေးခဲ့ရခြင်းဖြစ်ကြောင်း ရပ်ကွက်လူကြီးတစ်ဦးက ဆိုသည်။
``တောင်းတဲ့ငွေကဘယ်လောက်များလဲတော့မသိဘူး၊ ဦးစိန်သန်းကိုတော့ ငွေ(၁၃)သိန်းKIA အဖွဲ့ကို ပေးပြီး ပြန်ခေါ်ခွင့်ရ ခဲ့တာလိုပြောတယ်၊ အဲဒီစခန်းမှာ အဖမ်းခံထားရတဲ့ သူတွေကိုလည်း ငွေပေးရင်ပြန်လွှတ်မှာပေါ့၊ ငွေမပေးနိုင်ရင်တော့ လူသစ်ဆိုပြီး KIA ထဲဝင်ခိုင်းမှာပဲလေ၊ နောက်ဆုံးသေလားရှင်လားမသိဖြစ်သွားပြီး အဲ့ဒီလိုနဲ့ပြန်မလာနိုင်တဲ့ ဒေသခံတွေဒီ မြို့ပေါ်မှာ အများကြီးပါပဲ ´´ ဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင် ကိုအာတီက ပြောသည်။
KIA စခန်း၌ ဦးစိန်သန်းအား (၁၀)ရက်ခန့်ထိတ်တုံးခတ်ထားပြီး မျက်နှာကို အ၀တ်စည်းထားသောကြောင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာသောအခါ အောက်ပိုင်းသေသလိုဖြစ်နေပြီး အာရုံကြောရောဂါခံစားနေရသဖြင့် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရှိရပါသည်။
ညီသစ်(မြစ်ကြီးနား)
ကချင်နေ့စဉ်သတင်း