အခြားနိုင်ငံများမှ ငါးခိုးရေယာဉ်များကို စစ်ဆေးအရေးယူရန် တပ်မတော် (ရေ) ကို စစ်ဆေးရေးမှူးအာဏာ ပေးအပ်ထားသော်လည်း အချိန်ပေး ဆောင်ရွက်နိုင်ခြင်း မရှိ

ပို့စ်တင်ချိန် - 10/28/2013 02:45:00 PM


မြန်မာ့ပင်လယ်ပြင်တွင် အခြားနိုင်ငံများမှ ငါးခိုးရေယာဉ်များကို စစ်ဆေးအရေးယူရန် တပ်မတော် (ရေ) ကို စစ်ဆေးရေးမှူးအာဏာ ပေးအပ်ထားသော်လည်း ကြီးကြပ်စစ်ဆေးသည့် လုပ်ငန်းများအား အချိန်ပေး ဆောင်ရွက်နိုင်မှု မရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ပေးပို့လာသည့် ငါးလုပ်ငန်းဆိုင်ရာ အကြံပြုချက်များကို ပြန်လည်ဖြေရှင်းရာတွင် ထည့်သွင်းရှင်းလင်းထားသည်။

မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်မှ ငါး/ပုစွန် သယံဇာတများ အတိုင်းအဆမရှိ ဆုံးရှုံးနေခြင်းမှာ ငါးလုပ်ငန်း စီမံခန့်ခွဲမှု အားနည်းခြင်း (သို့မဟုတ်) IUU (Illegal, Unreported, Unregulated) Fishing တရားမ၀င် ငါးဖမ်းဆီးခြင်းများကြောင့် ဖြစ်နိုင်ကြောင်း၊ ငါးလုပ်ငန်း စီမံခန့်ခွဲမှုကို ယခုထက်ပို၍ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ပေးပို့လာသည့် အကြံပြုချက်များသည် မှန်ကန်ကြောင်းကိုလည်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ဖော်ပြခဲ့သည်။

ငါးသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရှာဖွေတိုင်းတာမှု လုပ်ငန်းများ ဆောင်ရွက်နိုင်မှု နည်းပါးခြင်း၊ ငါးလုပ်ငန်း စစ်ဆေးကြီးကြပ်သည့် ၀န်ထမ်းအင်အား နည်းပါးခြင်း၊ သုတေသန ငါးဖမ်းရေယာဉ်နှင့် ကင်းလှည့်စစ်ဆေးသည့် ယာဉ်မရှိခြင်း၊ မြန်မာ့တပ်မတော် (ရေ) သည် စစ်ဆေးရေးမှူးအာဏာ ပေးအပ်ထားရှိသည်နှင့်အညီ မြန်မာ့ငါးလုပ်ငန်း ရေပြင်အတွင်း အခြားနိုင်ငံများမှ ငါးခိုးဖမ်းရေယာဉ်များ ၀င်ရောက်ခြင်း၊ နိုင်ငံသားလှေများ၏ စည်းကမ်းဖောက်ဖျက်ခြင်းများကို စစ်ဆေးအရေးယူ ဆောင်ရွက်လျက် ရှိသော်လည်း နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းများကို အဓိက ဆောင်ရွက်ရသည့်အတွက် ကြီးကြပ်စစ်ဆေးသည့် လုပ်ငန်းများအား အချိန်ပေး ဆောင်ရွက်နိုင်မှု မရှိခြင်းတို့ကြောင့် ငါးလုပ်ငန်းများကို စီမံခန့်ခွဲရာတွင် အားနည်းချက်များ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ယင်းအားနည်းချက်များကို ဖြေရှင်းနိုင်ရန်အတွက် ၀န်ထမ်းအင်အား တိုးချဲ့ခြင်း၊ ငါးလုပ်ငန်းများကို ကြီးကြပ်နိုင်ရေးအတွက် ငါးဖမ်းရေယာဉ်၊ လမ်းကြောင်းများကို ကြီးကြပ်နိုင်သည့် ကိရိယာများ ပံ့ပိုးပေးနိုင်ရန်၊ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ငါးဖမ်းရေယာဉ်များ၊ ငါးလုပ်ငန်းများကို ကြီးကြပ်စစ်ဆေးသည့် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးရေး တွန်းအားပေးရန် စသည်တို့ကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ဆောင်ရွက်ပေးသင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ငါးလုပ်ငန်း စီမံခန့်ခွဲမှုများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာန၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ (ဒေသအာဏာပိုင်များ၊ တပ်မတော် (ရေ) တို့မှ မိမိကဏ္ဍအလိုက် တာဝန်ယူ အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံတော်၏ လမ်းညွှန်ပံ့ပိုးမှုများ ပိုမိုလိုအပ်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ၎င်းတို့၏ ဖြေကြားချက်တွင် ထည့်သွင်းဖော်ပြထားသည်။
Eleven Media Group