(အ) အက္ခရာ မော်တော်ယာဉ်များ ကျပ်သိန်း ၁၁၀ ရောက်ရှိ

ပို့စ်တင်ချိန် - 10/28/2013 02:40:00 PM


ရန်ကုန်၊ အောက်တိုဘာ ၂၇

ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်အရ အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ အပ်နှံခွင့်ပြုထားသော ‘အ’ အက္ခရာ မော်တော်ယာဉ်များမှာ ကျပ်သိန်း ၁၁၀ ဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေကြောင်း ဟံသာဝတီ အခြေစိုက် ယာဉ် ဝယ်ရောင်း အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
“ ‘အ’ အက္ခရာယာဉ်တွေ လွန်ခဲ့တဲ့လက ၉၀ ကျော်ဝန်းကျင် ရှိခဲ့ပြီးတော့ ကားလက်ခံတဲ့နေ့က ငါးသိန်း ဝန်းကျင်လောက် ချက်ချင်း ဈေးတက်သွားတယ်။ အခု လက်ရှိပေါက်ဈေး ၁၀၈ သိန်း ဝန်း ကျင်လောက် ရှိနေတယ်။ ဈေးမြှင့်နေတော့ အရောင်းအဝယ်အေးတယ်” ဟု အဆိုပါ ‘အ’ အက္ခရာယာဉ် ဈေးကွက် အခြေအနေကို လုပ်သက်ရင့် မော်တော်ယာဉ် ဝယ်ရောင်းတစ်ဦးဖြစ်သည့် ဦးလှမျိုးက သုံးသပ်သည်။

‘အ’ အက္ခရာယာဉ်များမှာ ၁၀၇ သိန်းခန့်ပေးကာ တစ်ပြိုင်နက် ၁၀ စီးခန့် ဝယ်လိုသူတစ်ဦးကို ယမန်နေ့က တွေ့ခဲ့ရသော်လည်း အရောင်းမရှိသဖြင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ ‘အ’ အက္ခရာ ယာဉ်များမှာ ယခင်ကတည်းက ကုမ္ပဏီများနှင့် ကြိုရောင်းမှုများ ရှိသဖြင့် လက်ရှိအချိန်တွင် လက်ကျန်နည်းကြောင်း ကားပွဲစား တစ်ဦးဖြစ်သူ ဦးသိန်းဖေက ၎င်း၏ အမြင်ကို ပြောကြားသည်။

‘အ’ အက္ခရာ မော်တော်ယာဉ်ဟောင်းများ အပ်နှံမှုကို ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနများတွင် အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ သွားရောက် အပ်နှံနိုင်ပြီ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အထက်ပါ ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက် စတင်ဆောင်ရွက်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့အထိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံမှု စုစုပေါင်း ၉၄,၁၆၈ စီး ရှိပြီ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၏ စာရင်းအရ သိရှိရသည်။
The Voice Weekly