ရဲနှစ်ဦး မောင်းနှင်သည့် ဆိုင်ကယ်နှင့် အရပ်သားဆိုင်ကယ်တို့ တိုက်

ပို့စ်တင်ချိန် - 10/28/2013 11:10:00 AM


ဇော်ဇော်ထွေး

သန်လျင်မြို့နယ်တွင် ရဲတပ်ကြပ် နှစ်ဦးစီးနင်းသည့် ဆိုင်ကယ်နှင့် အခြားဆိုင်ကယ်တစ်စီးတို့ အောက် တိုဘာ ၂၆ ရက်က မျက်နှာချင်းဆိုင်တိုက်မိရာ ရဲတပ်ကြပ်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ကျန်တစ်ဦးမှာ လည်း စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ထားရကြောင်း ရန်ကုန်တိုင်းရ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယာဉ်တိုက်မှုမှာ အမှုထမ်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်း၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ည ၇နာရီ ကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒဂုံတောင်မြို့နယ်နေသည့် ကျော်မျိုးအောင်(ခ)၀င်းကျော်အောင်(၂၀)နှစ်၊ ကယ်ရီမောင်းသူ မောင်းနှင် လာသည့် ဆိုင်ကယ်သည် ရှေ့မှ မောင်းနှင်နေသော ယာဉ်အားကျော်တက်ရာမှ ရဲဝန်ထမ်းနှစ်ဦး စီးနင်း လာသော ဆိုင်ကယ်ဖြင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ရဲတပ်ကြပ်ကျော်ကျော်လွင်တွင် ဦးခေါင်းကွဲကာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး နောက်မှထိုင်စီးသည့် ရဲတပ်ကြပ်မောင်လေးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ (သတိမရ)၊ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် သန်လျင်ဆေးရုံမှ ရန်ကုန်ဆေးရုံသို့ လွှဲ ပြောင်း ကုသနေရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ထို့အပြင် ကျော်မျိုးအောင်(ခ) ၀င်းကျော်အောင်မှာလည်း နှာခေါင်းသွေးထွက်ကာ သတိမေ့နေပြီး အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် ကုသနေရာက ယင်းဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းခဲ့သည့် အရှေ့ ပိုင်းတက္ကသိုလ်ကျောင်းသား မောင်ဖြိုးပြည့်ဇော်(၁၉)နှစ်တွင်လည်း ဒဏ်ရာများရရှိခဲ့သဖြင့် သန်လျင် ဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသနေရသည်။

ယင်းဆိုင်ကယ်တိုက်မှုကြောင့် ယာဉ်အား မဆင်မခြင်မောင်းနှင်ခဲ့သူ ကျော်မျိုးအောင် (ခ) ၀င်းကျော် အောင်ကို အရေးယူပေးရန် ယာဉ်ထိန်းတပ်ဖွဲ့စု ၄၅ မှ ရဲအုပ်လှိုင်ဝင်းအောင်က အမှုဖွင့်တိုင်တန်းထား သည်။
Mizzima - News in Burmese