ဗုံးပေါက်ကွဲမှုအလွန် မြန်မာဆီးဂိမ်းလားရာ

ပို့စ်တင်ချိန် - 10/28/2013 08:41:00 AM


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကျင်းပရန် ရက်ပေါင်း ၄၀ကျော်သာ လိုတော့သည့် အချိန်နှင့် ခရီးသွားရာသီ အစကာလ အောက်တိုဘာလ ၁၃ ရက်မှ ၁၈ ရက်နေ့များတွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှုများ ဆက်တိုက်ဆို သကဲ့သို့ မြန်မာနိုင်ငံ မြို့ကြီးများနှင့် မြို့အချို့တို့တွင် ဖြစ်ပွားခဲ့ရာ ပြိုင်ပွဲဝင် အားကစားသမားများနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအပေါ် လုံခြုံရေးအရ စိုးရိမ်မှုများ တိုးပွားလာခဲ့ရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ ဗုံးဖောက်ခွဲသူများသည် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ခရီးသွားလုပ်ငန်းကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ကိုင်ခြင်း ဖြစ်သည်ဟု သုံးသပ်ထားသော်လည်း လတ်တလောတွင် ဆီးဂိမ်းပြိုင်ပွဲဝင် ကစားသမားများနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၏ လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း ခရီးသွားလုပ်ငန်းရှင် များနှင့် အားကစားအဖွဲ့ချုပ် များထံမှ သိရသည်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ပုသိမ် (ငွေဆောင်ကမ်းခြေ) တို့တွင် ပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားနည်း ပေါင်း ၃၃ မျိုးထည့်သွင်းထားပြီး ကစားနည်း အများဆုံးကို နေပြည်တော်တွင် လည်းကောင်း၊ ရန်ကုန်တွင် အမျိုးသား ဘောလုံးပွဲများနှင့် အခြားအားကစားနည်း ခြောက်မျိုးကိုလည်းကောင်း၊ မန္တလေးတွင် အမျိုးသမီး ဘောလုံးပွဲများနှင့် ငွေဆောင် ကမ်းခြေတွင် ရွက်လှေပြိုင်ပွဲများကို လည်းကောင်း ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမား ၅၆၄၉ ဦး ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အားကစားဝန်ကြီး ဌာနက ထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် ကျင်းပမည့် အားကစားနည်းခြောက်မျိုးနှင့် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ၏ လုံခြုံရေးအတွက် ရဲမှူးကြီး ခြောက်ဦးက ဦးစီးကာ ကြီးကြပ်ကွပ်ကဲမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက အောက်တိုဘာလ ၁၄ ရက်နေ့က ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် ဆီးဂိမ်းပြိုင်ပွဲဝင် ကစားသမား ၁၅၀၀ အတွက် ဟိုတယ် ခုနစ်လုံးတွင် အခန်း ၇၅ ခန်း စီစဉ်ထားကြောင်း အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် ဗုံးကွဲမှုများနှင့် ပတ်သက်၍ အမျိုးသားအဆင့် သတ်မှတ်ကာ ငွေကျပ် ခြောက် ဘီလီယံ အသုံးပြုပြီး နည်းပညာအထောက်အကူ ပစ္စည်းများဖြင့် လုံခြုံရေး လုပ်ဆောင်သွားမည့်အပြင် နိုင်ငံတကာရဲတပ်ဖွဲ့များ နှင့် ပူးပေါင်းကာ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ် ဇော်ဝင်းက ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် နေရာ လေးခုတွင် ရဲတပ်ရင်း ၂၆ ရင်း ထားရှိမည် ဖြစ်ကာ လုံခြုံရေးအင်အား ၂၀,၀၀၀ ဝန်းကျင်ဖြင့် လုံခြုံရေးဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက “အကြမ်းဖက်သူတွေ အနေနဲ့ ဆီးဂိမ်းပြိုင်ပွဲကို ဆုံးရှုံးအောင်၊ နှောင့်နှေးအောင် ဆောင်ရွက်နေပါတယ်။ ဒီလိုမျိုးဖြစ်အောင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးပါ” ဟု ဝေဖန်လိုက်သည်။

အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး ဗုံးရှာဖွေတွေ့ရှိမှု သုံးကြိမ်၊ နယ်မြို့များဖြစ်သော စစ်ကိုင်းမြို့တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်၊ တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားရာတွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ရှိ အိပ်ခန်းတွင်း ဗုံးပေါက်ကွဲမှုတွင် အမေရိကန်နိုင်ငံသူ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ပြည်ပနိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးလာနိုင်သည့် ယခုလို ခရီးသွားရာသီအစတွင် ဗုံးပြဿနာ ဖြစ်ပွားခဲ့သဖြင့် မြန်မာနိုင်ငံကို စိတ်ဝင်စားမှု မြင့်မားလာသည့် အနောက်နိုင်ငံကြီးများ ဖြစ်သော အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နှင့် သြစတြေးလျနိုင်ငံ အစိုးရများက ယင်းတို့၏ နိုင်ငံသားများ မြန်မာနိုင်ငံကို ခရီးသွားသည့်အခါ အထူး သတိထားသွားကြရန် ကြေညာချက်ထုတ် သတိပေးရသည် အထိ ဖြစ်ခဲ့သည်။

ဗုံးထောင် ဗုံးခွဲ တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက် လာမည်ကို မလိုလားသည့်အပြင် တိုင်းရင်းသား ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက် လုပ်ကိုင်မည်ကို မလိုလားသည့် အတွက်ဟု ဖမ်းဆီးရမိထားသည့် ဗုံးခွဲသူများက ထွက်ဆိုခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကျင်းပသော ဗုံးဖောက်ခွဲမှု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာလအတွင်း ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ၏ အဓိကနေရာဖြစ်သော နေပြည်တော်တွင် ဆီးဂိမ်းမတိုင်မီ အချိန်နှင့် လက်ရှိ လုံခြုံရေးအခြေအနေများ၊ ဟိုတယ်များ၏ လုံခြုံရေးအခြေအနေ များကိုပါ ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်ကြောင်း နေပြည်တော် နယ်မြေခံလုံခြုံရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမင်းအောင်က ငြင်းဆိုလိုက်သည်။

နေပြည်တော်ဆီးဂိမ်းတွင် ပါဝင် ယှဉ်ပြိုင်မည့် နိုင်ငံတကာမှ အားကစားသမား ၂၉၃၃ ဦးအတွက် ဟိုတယ် ၂၆ လုံးတွင် အခန်းပေါင်း ၁၄၄၁ ခန်း စီစဉ်ထားကြောင်း အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဟိုတယ်လုံခြုံရေးမှူးများကို ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်အသင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့က လုံခြုံရေးသင်တန်းများကို အောက်တိုဘာလ ၂၁ ရက်မှစ၍ လေးရက်ကြာ သင်တန်းပို့ချလျက် ရှိကြောင်း နေပြည်တော်ရှိ အမရဟိုတယ် လုံခြုံရေးမှူးတစ်ဦးက ပြောကြားသည်။

ဆီးဂိမ်းလုံခြုံရေး အတွက် လိုအပ်သည့် နေရာများတွင် လုံခြုံရေးအရ တပ်ဆင်ရန်အတွက် စီစီတီဗီ ကင်မရာများ၊ မိုင်းရှာ ကိရိယာများ၊ စကင်နာ စက်များ၊ X-ray စက်များ ဝယ်ယူထားပြီးဖြစ်ကြောင်း ၊ ရဲစခန်းများတွင် လိုအပ်သည့် လုံခြုံရေးပစ္စည်းများလည်း ဝယ်ယူထားကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောကြားသည်။

မန္တလေးမြို့တွင် ကျင်းပမည့် ဆီးဂိမ်း ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကစားသမား ၂၅၅ ဦးအတွက် ဟိုတယ်ငါးလုံးတွင် အခန်း ပေါင်း ၁၄၄ ခန်း စီစဉ်ထားကြောင်း အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်တွင် မန္တလေးဇုန်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ရာ အဓိက ကွင်းဝင်ပေါက်များကိုလည်း လုံခြုံရေးအင်အား တင်းကျပ်စွာ ချမှတ်ထားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောကြားသည်။
“အားကစားပြိုင်ပွဲ ကျင်းပမယ့် အားကစားကွင်းတွေအတွက် လုံခြုံရေး အင်အားကို လိုသလို ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသမီးရဲမေများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရိသတ်များကြားတွင် အရပ်ဝတ်ဖြင့် စောင့်ကြည့်ခြင်း၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ၊ မိုင်းရှင်းလင်းရေး တပ်များ၊ ကွင်းပတ်ဝန်းကျင်နှင့် ကွင်းအပြင်တွင် CCTV ကင်မရာများ တပ်ဆင်ခြင်း၊ မိုင်းရှာကိရိယာများ အသုံးပြုခြင်း စသည့်တို့ဖြင့် လုံခြုံရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက အသိပေး ပြောကြားသည်။

ရွက်လှေပြိုင်ပွဲ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်တွင် ပုသိမ်-ငွေဆောင်ဇုန် လုံခြုံရေး ဆပ်ကော်မတီကို ဖွဲ့စည်းကာ ရွေ့လျားလုံခြုံရေး အစီအစဉ်များ အပါအဝင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ အားလုံးတွင်လည်း လုံခြုံရေးအစီအစဉ်များ ထားရှိသည့်အပြင် ဝန်ထမ်းများကိုပါ လုံခြုံရေးသင်တန်းများ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အဆိုပါဆပ်ကော်မတီ တာဝန်ခံအရာရှိတစ်ဦးက ပြောကြားသည်။

ငွေဆောင်တွင် အားကစားသမား ၂၄၈ ဦးအတွက် ဟိုတယ်သုံးလုံးတွင် အခန်း ၁၂၅ ခန်း လျာထား စီစဉ်ထားကြောင်း အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်နေ့ အထိ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် မြို့များတွင် လုံခြုံရေးအတွက် အထူး ဆောင်ရွက်ထားသည်ဟု ဆိုသော်လည်း ပြိုင်ပွဲဝင် ဖိလစ်ပိုင်နိုင်ငံမှ အားကစားသမား ၂၀၀ ကျော်နှင့် ကြီးကြပ်သူ အရာရှိများ၏ လုံခြုံရေးအတွက် စိုးရိမ်မှု ဖြစ်ရကြောင်း ဖိလစ်ပိုင်နိုင်ငံအား ကစားကော်မရှင် ဥက္ကဋ္ဌ ရစ်ချီဂါဆီယာက ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များအပြီး ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဗုံးပေါက်ကွဲမှု အခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး ပြိုင်ပွဲတွင် ဖိလစ်ပိုင် ပါဝင်နိုင်ရေး ဆုံးဖြတ်ချက် ချရန်အတွက် နိုဝင်ဘာလကုန်တွင် အစိုးရ၏ အကြံဉာဏ်ကို ရယူဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ဆိုထားသည်။

အစိုးရသစ်လက်ထက် ပြည်ပခရီး သွားဝင်ရောက်မှု မြင့်တက်လာချိန်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ ညောင်ဦး၊ မော်လမြိုင်၊ ဟဲဟိုး၊ ထားဝယ် အပါအဝင် လေဆိပ် ၃၀ ကျော်ကို လုံခြုံရေးအဆင့် သတ်မှတ်ရာတွင် အရေးကြီးအဆင့် အဖြစ် သတ်မှတ်ထားကြောင်း လေကြောင်းလိုင်းရဲတပ်ဖွဲ့ တာဝန်ကျရဲမှူးတစ်ဦးက ပြောကြားသည်။
“လုံခြုံရေးအမျိုးအစား သုံးမျိုးထဲမှာ ဗုံးပေါက်မှုတွေ ဖြစ်ပြီးနောက် အရေးကြီးအဆင့် သတ်မှတ်ထားတယ်။ အထူးသဖြင့် ပြည်ပနဲ့ချိတ်ဆက်တဲ့ လေဆိပ်တွေကို လုံခြုံရေး ပိုတိုးထားတယ်” ဟု ၎င်းကဆိုသည်။

လေဆိပ်များတွင် လုံခြုံရေးအဆင့်ကို သာမန်ချိန်၊ အရေးကြီးချိန်နှင့် အရေးပေါ်ချိန်ဟူ၍ သုံးဆင့်သတ်မှတ်ထားပြီး လေကြောင်းလိုင်း ရဲတပ်ဖွဲ့က တာဝန်ယူထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လုံခြုံရေးကိစ္စကို အစိုးရက လုပ်ဆောင်နေခြင်းနှင့် ပတ်သက်၍ ဝေဖန်ရန် မရှိကြောင်း၊ ဖြစ်စဉ်များ ဖြစ်ပွား ပြီးပြီးချင်း ချက်ချင်း အရေးယူဆောင်ရွက်မှု ရှိရန် လိုသော်လည်း ကြန့်ကြာမှုများ ရှိသည်ကို တွေ့ရကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ထောက်ပြ ပြောဆိုသည်။
“လုံခြုံရေးအတွက် များများလုပ်ရင်တော့ ကြိုက်တာပေါ့ဗျာ။ များများလုပ်ရင် ပြည်သူလူထုအတွက် ပိုပြီး လုံခြုံမှုရှိတာပေါ့“ ဟု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များအပြီး အစိုးရက လုံခြုံရေးအတွက် ငွေအလုံးအရင်း သုံးမည်ဟု ဆိုသည့်အပေါ် ၎င်းက အသိအမှတ်ပြု ပြောဆိုသည်။

The Voice Weekly သတင်းအဖွဲ့

The Voice Weekly