ဒေါ်အောင်ဆန်းစုကြည် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံ

ပို့စ်တင်ချိန် - 10/28/2013 02:50:00 PM


ရန်ကုန်၊ အောက်တိုဘာ ၂၇

ဥရောပသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အီတလီနိုင်ငံ ဗာတီကန်မြို့တော်၏ အအချုပ်အချာ အာဏာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် အောက်တိုဘာလ ၂၈ ရက်နေ့ (ယနေ့) တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းပြန်ကြားရေး အရာရှိ Federio Lombardi က သတင်းထုတ် ပြန်သည်။

ရောမမြို့တော်၏ ၂၆၆ ဦးမြောက် အဓိပတိ ဘုန်းတော်ကြီး ဖရန်စစ်သည် အီတလီနိုင်ငံသို့ ပထမဦးဆုံး အကြိမ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန် နန်းတော်၌ တွေ့ဆုံမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်းမင်းတို့ တွေ့ဆုံရာတွင် မည်သည့် အကြောင်းအရာများကို ဆွေးနွေးမည်ကို တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အီတလီနိုင်ငံသို့ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino၊ အီတလီသမ္မတ Giorgio Napolitano တို့ နှင့် တွေ့ဆုံခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဒုတိယအကြိမ် ဥရောပ ခရီးစဉ်များကို အောက်တိုဘာလ ၁၈ ရက်မှ စတင်ခဲ့ပြီး ပြင်သစ်နိုင်ငံ အခြေစိုက် အီးယူပါလီမန်က ချီးမြှင့်သည့် Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် အစိုးရ အရာရှိများဖြင့် ဖွဲ့စည်းထားသော ဒီမိုကရေစီ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်မြှင့်တင်ရန် မြန်မာအစိုးရထံ တိုက်တွန်းသင့်ကြောင်း၊ မြန်မာနိုင်ငံကို အကူအညီများ ပေးအပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် ဥရောပနိုင်ငံများ၊ အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတို့ထံ တောင်းဆိုခဲ့သည်။

ထို့အပြင် ဗြိတိန်နိုင်ငံသို့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ဗြိတိန် ဝန်ကြီးချုပ်၊ ဗြိတိန် တော်ဝင်မင်းသားတို့နှင့် တွေ့ဆုံခဲ့သည့် အပြင် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဗြိတိန်တော်ဝင် စစ်တက္ကသိုလ် ဆင်းမ်ဟဒ်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ခရီးစဉ်ကို စတင်ခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။
The Voice Weekly