ပြင်ဦးလွင် ကျေးရွာ ၁၇ ရွာ လယ်သိမ်းခံ တောင်သူများ စုပေါင်း ဆန္ဒထုတ်ဖော်မည်

ပို့စ်တင်ချိန် - 10/28/2013 05:27:00 PM


မန္တလေး၊ အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာမှ လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် တောင်သူများက လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် တရားဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခွင့်များ တင်ပြလျှောက်ထားကာ စုပေါင်း ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း လယ်ယာမြေများ သိမ်းဆည်းခံထားရသူ အဆိုပါ ကျေးရွာ ၁၇ ရွာရှိ တောင်သူများထံမှ သိရသည်။

ယင်းကျေးရွာ ၁၇ ရွာတွင် သိမ်းဆည်း ခံရသည့် လယ်ယာမြေ ဧက ၈၇၀၀ ကျော် ရှိပြီး ယင်းတို့ကို ပြန်လည်ရရှိရေး သက်ဆိုင်ရာ ဌာနအသီးသီးသို့ တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှု မရှိသဖြင့် ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း လယ်ဧက ပေါင်း ၉၀ ကျော် သိမ်းဆည်း ခံခဲ့ရသည့် ပြင်ဦးလွင်မြို့နယ် ရေတလျှောက်ကျေးရွာ တောင်သူ ဦးစိုးမြင့်က ပြောကြားသည်။
“သိမ်းသွားတဲ့ ဌာနတွေကတော့ မျိုးစုံပါပဲ။ တပ်မတော်က ကော်ဖီ စီမံကိန်းအတွက် ဆိုပြီး လယ်ယာမြေတွေ သိမ်းသွားခဲ့တာလည်း ပါတယ်။ လယ်ယာမြေတွေကို သိမ်းဆည်းသွားတာပဲ ရှိတယ်။ လယ်ယာမြေပိုင်တဲ့ တောင်သူတွေကို ဘာမှ လျော်ကြေးပေးခဲ့တာမျိုးလည်း မရှိဘူး။ အရင်တုန်းကတော့ ကိုယ့်လယ်မြေသိမ်းခံရလည်း ဘာမှပြောလို့မရ၊ တိုင်လို့လည်း မရဘူး” ဟု အဆိုပါ ဆန္ဒဖော်ထုတ်ရေးအတွက် ဦးဆောင် တောင်သူလည်းဖြစ်သူ ဦးစိုးမြင့်က ဆိုသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းတွင် အုပ်စုပေါင်း ၅၂ အုပ်စုရှိကာ ကျေးရွာပေါင်း ၆၀ ကျော်ရှိပြီး ယခု အသိမ်းခံရသည့် လယ်ယာမြေများကို စီမံကိန်းများ အတွက်ဆိုကာ စီမံကိန်းများ လုပ်ဆောင်ခြင်းမရှိဘဲ ပလပ်မြေများစွာ ရှိသဖြင့် ယခင်မြေယာများ ပိုင်ဆိုင်ခဲ့သည့် တောင်သူများက စီမံကိန်းမြေများပေါ်ရှိ ပလပ်မြေများပေါ်တွင် သီးစားများ ဝင်ရောက်စိုက်ပျိုးကြရာတွင် စီမံကိန်းလုပ်ခွင့် ရသူများက တောင်သူများကို တရားစွဲဆိုခဲ့ကြောင်း၊ ယင်းကျေးရွာ ၁၇ ရွာမှ တရားစွဲဆို ခံထားရသည့် တောင်သူ ၂၀ ဦးကျော်ခန့် ရှိကြောင်း တောင်သူများ မြေယာ ပြန်လည် ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေသော အထက်မြန်မာပြည် အလုပ်သမား၊ လယ်သမားများအရေးကို ILO နှင့် ချိတ်ဆက်ပေးရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
The Voice Weekly