မန္တလေးတွင် ပြုလုပ်မည့် ဆီးဂိမ်းစ်တွင် ရဲတပ်ဖွဲ့ဝင် ၁၈၀၀ ဖြင့် လုံခြုံရေး ရယူမည်ဖြစ်ပြီး မိုင်းရှာဖွေစက်များနှင့် Sniper သမားများ ပါဝင်မည်

ပို့စ်တင်ချိန် - 10/28/2013 11:00:00 AM


အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပမည့် မန္တလေး ဆီးဂိမ်းစ်တွင် ရဲတပ်ဖွဲ့ဝင် ၁၈၀၀ နီးပါးဖြင့် လုံခြုံရေး ရယူသွားမည်ဖြစ်ကာ မိုင်းရှာဖွေ စက်များနှင့် Sniper သမားများလည်း လုံခြုံရေးတွင် ပါဝင်မည်ဖြစ်ပြီး အဆင့်မြင့် လုံခြုံရေးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက The Daily Eleven သို့ ပြောကြားသည်။

လုံခြုံရေး ဆောင်ရွက်ရာတွင် နေရာ၊ လူပုဂ္ဂိုလ်၊ အားကစားသမားများ ယာဉ်တန်း၊ ကစားသမားများ တည်းခိုရာ ဟိုတယ်၊ အရေးပေါ် အခြေအနေ၊ မီးဘေးလုံခြုံရေး စသည့်ဖြင့် အပိုင်းခုနစ်ပိုင်းအထိ ခွဲခြားထားကာ ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေး ရယူရာတွင် ရဲတပ်ဖွဲ့အင်အား ၁၈၀၀ ခန့် အပါအ၀င် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့ဝင်များနှင့် အခြားသော အဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတွင် ကျင်းပမည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင်အား ကစားသမားများသည် ဟိုတယ်ခြောက်လုံးတွင် တည်းခိုကြမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းက ရွှေဖြူဟိုတယ်၊ ထိုင်း၊ မလေးရှား၊ အရှေ့တီမော၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အသင်းတို့ Grate wall ဟိုတယ်၊ သတင်းမီဒီယာများက Prince ဟိုတယ်၊ ဒိုင်အဖွဲ့ဝင်များက Mandalay ဟိုတယ်၊ နိုင်ငံအလိုက် အရေးကြီး ပုဂ္ဂိုလ်များက Sedona ဟိုတယ်တို့တွင် အသီးသီး တည်းခိုကြမည်ဖြစ်ကာ ယင်းဟိုတယ်များ အနီးတစ်ဝိုက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူ ဆောင်ရွက်ကြမည်ဖြစ်သည်။

"X-Ray Body Scanning တို့ လမ်းဖြတ်လျှောက်ရင် စစ်ဆေးတဲ့စက်တို့ ဗုံးစမ်းကိရိယာတို့၊ မိုင်းရှာစက်တို့ အဆင့်မြင့် စီစီတီဗွီကင်မရာတို့ အပါအ၀င် အရေးကြီး ပုဂ္ဂိုလ်တွေအတွက် အဆင့်မြှင့်တင် လုံခြုံရေးအတွက် S Sniper သမားတွေလည်း ထားရှိသွားမယ်။ အရေးပေါ် အခြေအနေတွေ ဖြစ်လာရင် ထိန်းသိမ်းဖို့ အတွက်လည်း အဓိကရုဏ်းနှိမ်နှင်းမှု ၀တ်စုံတွေကအစ ပြင်ဆင်ထားတယ်။ ကွင်းထဲမှာ ဖြစ်ပွားလာနိုင်တဲ့ ပရိသတ် လုံခြုံရေးတွေ အတွက်လည်း ရေသန့်ဘူးကအစ အိတ်နဲ့ထည့်ယူနိုင်ဖို့အထိ စဉ်းစားနေတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်ကိုတော့ ဆွေးနွေးနေကြတုန်းပဲ။ ကွင်းထဲက လုံခြုံရေး အတွက်ကတော့ တစ်ဦးချင်းစီ အနေနဲ့ အထူးသဖြင့် မြန်မာပရိတ်သတ်တွေ အနေနဲ့ နိုင်ငံကြီးသားပီသစွာ အားပေးနိုင်ရင် ပိုလုံခြုံတာပေါ့ဗျာ" ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားခဲ့သည်။

ထိုသို့ ဆီးဂိမ်းတွင် ရဲတပ်ဖွဲ့ဝင်အင်အား အပြည့်အစုံဖြင့် လုံခြုံရေး ဆောင်ရွက်ကြမည့်အပြင် စစ်တပ်ကပါ လုံခြုံရေးအတွက် လိုအပ်သလို တာဝန်ယူမည်ဖြစ်ပြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်းတွင် ပရိတ်သက်ဦးရေ ၄၀၀၀၀ ၀င်ဆံ့ကြောင်း သိရသည်။

မန္တလေးမြို့၌ ညအချိန် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်မှု မြင်ကွင်းတစ်ခု
Eleven Media Group