မြန်မာနိုင်ငံ၏ စမတ်ဖုန်းအသုံးပြုနိုင်သူ အရေအတွက် ၂၀၁၇ တွင်" ခြောက်သန်းရှိမည်ဟု IDC ခန့်မှန်း

ပို့စ်တင်ချိန် - 12/30/2013 03:02:00 PM


မြန်မာနိုင်ငံ၏ စမတ်ဖုန်း အသုံးပြုသူဦးရေသည် ၂၀၁၇ ခုနှစ်သို့ အရောက်တွင် ခြောက်သန်းခန့်အထိ တိုးတက်လာနိုင်ဖွယ် ရှိသည်ဟု အင်တာနက်ပေါ်ရှိ အာရှဒေသနည်းပညာဆိုင်ရာ သတင်းဌာနတစ်ခုဖြစ်သော www.technasia.com စာမျက်နှာတွင် ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။ အဆိုပါ သတင်းဌာနသည် အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက် စုဆောင်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် IDC (International Data Corportaion) ၏ ဖော်ပြချက်ကို ကိုးကားရေးသားထားခြင်း ဖြစ်သည်။ ယင်းသတင်းဌာန၏ ဖော်ပြချက်တွင် မြန်မာနိုင်ငံ၏ အနာဂတ် စမတ်ဖုန်းအသုံးပြုမှု အလားအလာသည် 3G ကွန်ရက်စနစ်တွင်ပင် လာမည့် လေးနှစ်အတွင်း၌ ခြောက်သန်းအထိ တိုးတက်လာမည်ဟု ဆိုထားသည်။ ပြည်တွင်း၌ စမတ်ဖုန်း ကိုင်ဆောင်အသုံးပြုသူ အရေအတွက်သည် ယခုနှစ်အတွင်း ရန်ကုန်၊ မန္တလေးကဲ့သို့ အဓိကမြို့ကြီး နှစ်မြို့ အပါအဝင် အခြားနယ်မြို့ကြီးများတွင်ပါ မြင့်တက်လျက်ရှိနေသည်ဟု ထိုမြို့များရှိ မိုဘိုင်းဖုန်း အရောင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းတချို့ထံမှ စုံစမ်းသိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိမိုဘိုင်းဖုန်း အသုံးပြုနိုင်မှု အခြေအနေသည် နှစ်အနည်းငယ်အတွင်း များပြားလာသော်လည်း အစိုးရ၏ တန်ဖိုးနည်းပါးသည့် ဆင်းမ်ကတ် စီမံကိန်းသည် အမှန်တကယ် လိုအပ်သည့် အခြေခံလူတန်းစား အများစုနှင့် ဝေးကွာနေဆဲ ဖြစ်သဖြင့် စမတ်ဖုန်း အသုံးပြုနိုင်သူ အများစုသည် မြို့ပြ၏ လူလတ်တန်းစားများ အကြားတွင်သာ ရှိနေသေးသည်။ သို့သော် ပြည်တွင်း၏ မိုဘိုင်းဖုန်း အသုံးပြုနိုင်မှု၊ မိုဘိုင်းဖုန်းဖြင့် အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်မှုနှင့် နိုင်ငံတကာနှင့် အညီ စမတ်ဖုန်း အသုံးပြုနိုင်မှုများ ဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေများသည် ၂၀၁၄ တွင် လုပ်ငန်းများ စတင်လည်ပတ်တော့မည့် ပြည်ပဆက်သွယ်ရေး အော်ပရေတာနှစ်ခုပေါ်တွင် အဓိက မူတည်နေသည်ဟု မိုဘိုင်းဖုန်း လုပ်ငန်းရှင်အချို့က ဆိုကြသည်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံး အတိုင်းအတာ မိုဘိုင်းဖုန်း အသုံးပြုနိုင်သူ ဦးရေမှာ ငါးသန်းနီးပါး ရှိနေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
khit lu nge