ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ အနီးပေါက်ကွဲမှု ဖြစ်ပွား

ပို့စ်တင်ချိန် - 12/30/2013 10:15:00 AM


Monday, December 30, 2013

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ၏ အရှေ့မြောက် ဘက် ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းခေါင်ကျေးရွာသွား လမ်းခွဲ အနီးတွင် ဒီဇင်ဘာ ၂၈ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပြီးအဝတ်ဖြင့် ပတ်ထားသော အထုပ်တစ်ထုပ်အား ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနေ ကိုရင်နှစ်ပါးမှ တွေ့ရှိခဲ့ရာ ကိုရင်တစ်ပါးမှ ကောက်ယူသဖြင့် အဖော်ပါလာသူ ကိုရင်မှ မယူဘဲ ပြန်ချရန်ပြော၍ ပြန်ချခဲ့ရာ ၎င်းနေရာတွင်ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါပေါက်ကွဲမှုကြောင့် ကိုရင် ရှင်နေဝိန္ဒသည် ဦးခေါင်းမိုင်းစ ထိမှန်၍ ဦးခေါင်းခွံကွဲ၊ ဦးနှောက်ထွက်၊ ညာလက်ဖျံ၊ ညာရင်အုံတို့တွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ကိုရင် ရှင်စိဏ္ဏာသည် ညာတံတောင်ဆစ်၊ ညာဘက်လက်ကောက်ဝတ်၊ ဘယ်ရင်အုံ မိုင်းစထိ မှန်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိသော ကိုရင် ရှင်စိဏ္ဏာသည် မုံးစီးတိုက်နယ် ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသလျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဖြစ်စဉ်ဖြစ်ပွား ရသည့် အခြေအနေ အသေးစိတ်အား စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရ ရှိသည်။

မြ၀တီ