ကျောက်ဖြူမြို့နယ်တွင် စက်လှေ တစ်စီးနစ်မြုပ်ရာမှ အမျိုးသမီး ၁၇ ဦးသေဆုံး

ပို့စ်တင်ချိန် - 12/30/2013 01:15:00 PM


(နိရဉ္စရာ- ၃၀ ဒီဇင်္ဘာ ၂၀၁၃)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဆင်ဘုတ်ကျေးရွာအုပ်စုတွင် ထင်းသွားခွေသည့် စက်လှေ တစ်စီး ဒီဇင်ဘာလ ၂၈ ရက်နေ့က နစ်မြုပ်ရာမှ အမျိုးသမီး ၁၇ ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူများမှာ ကျောက်ဖြူမြို့နယ် ဆင်ဘုတ် ကျေးအုပ်စု ကျွန်းကြီး လူရှည်တောင်ရင်းမှ ၁၃ ဦး၊ သဒွတ္တိန်မှ ၁ ဦး၊ စကျွန်းချောင်း သရော်တောမှ ၃ ဦး စုစုပေါင်း (၁၇) ဦး ဖြစ်ကြောင်း သိရသည်။

စက်လှေပေါ်တွင် လူ ၄၀ ခန့်ပါရှိပြီး ရှင်ပြုပွဲအတွက် မင်းရပ်ချောင်းတွင် ထင်းရှာပြီး ပြန်အလာတွင် ရွာအနီးချောင်းတွင် နစ်မြုပ်သွားသည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးက ပြောသည်။

“ ထင်းတွေကို စက်လှေ ခေါင်းမိုးပေါ်မှာ တင်ထားကြတယ်လို့ သိရပါတယ်။ လူတွေက စက်လှေ ၀မ်းခေါင်ထဲမှာ လိုက်ပါလာကြပါတယ်။ ရွာကို ဆိပ်ကပ်မလို့ ချောင်းအတွင်းမှာ စက်လှေကို ကွေ့ရာမှာ နစ်မြုပ်သွားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စက်လှေပိုင်ရှင်မှာ ကိုချိုဖြစ်ကြောင်း၊ သေဆုံးသူအမျိုးသမီးများမှာ အသက် ၁၂ နှစ်မှ ၆၀ အရွယ်အတွင်း ဖြစ်ကြသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းရဲစခန်းအား မေးကြည့်ရာ အမျိုးသမီး ၁၇ ဦးသေဆုံးခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသော်လည်း အသေးစိတ်ကို ကျောက်ဖြူရဲစခန်းသို့ မေးမြန်းရန် ပြောကြားသည်။

အလောင်း ၁၇ လောင်းတွင် တစ်လောင်းအား ကျောက်ဖြူသို့ ယူဆောင်လာပြီး ကျန် ၁၆ လောင်းကို သူတို့ရွာများတွင် သဂြိုလ်ခဲ့သည်ဟု သိရသည်။
Burmesenews narinjara