Raspberry Pi နည်းပညာဖြင့် တည်ဆောက်ထားသည့် Data Center နှင့် Local Server များကို မကြာမီ အသုံးပြုနိုင်မည်

ပို့စ်တင်ချိန် - 3/10/2014 07:20:00 PM


Raspberry Pi နည်းပညာဖြင့် တည်ဆောက်ထားသည့် Data Center နှင့် Local Server များကို လာမည့် ဧပြီလကုန်ဝန်းကျင်ခန့်တွင် ထွက်ရှိလာနိုင်အောင် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ဈေးနှုန်းသက်သာပြီး ထိန်းသိမ်းရန်လည်း လွယ်ကူသည့် နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်သည့် Raspberry Pi များဖြင့် Wikipedia, Youtube, e-Liberary အစရှိသည်တို့ကို အသုံးပြုနိုင်မည့် Data Center နှင့် Local Server များသည်ကို ယခုနှစ်အတွင်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Ubuntu Myanmar LoCo Team မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုကိုရဲက ပြောသည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ အထက်ပါ တာဝန်ရှိသူက “Raspberry Pi လေးတွေနဲ့ Data Center နှင့် Local Server လေးတွေ လုပ်ပေးဖို့ပါမယ်။ အဲဒီမှာ Wikipedia ပါမယ်။ အခြားသော Youtube က ကြည့်သင့်တဲ့ နည်းပညာနဲ့ ပညာပေး ရုပ်သံဖိုင်လေးတွေပါမယ်။ နားထောင်သင့်တဲ့ အသံဖိုင်တွေပါမယ်။ Web Base Game တွေပါမယ်” ဟု ဆက်လက်ပြောသည်။

ထို့အပြင် မကြာမီထွက်ရှိလာမည့် Respberry Pi နည်းပညာသုံး Data Center နှင့် Local Server များတွင် အသုံးပြုသူများအတွက် အသုံးဝင်မည့် Android Application များနှင့် e-Book များကိုပါ စုဆောင်းပေးထားမည်ဖြစ်ပြီး အဆိုပါ အချက်အလက်များကို Laptop, မိုဘိုင်းဖုန်းများအသုံးပြုကာ Wi-Fi စနစ်ဖြင့် ချိတ်ဆက်ပြီး မည်သူမဆို အခမဲ့ရယူသုံးစွဲနိုင်မည်ဟု သိရသည်။ “အဲဒီအတွက် အင်တာနက် ချိတ်ဆက်ဖို့မလိုပါဘူး။ Power Supply မချိတ်ဆက်ဘဲ နေရောင်ခြည်သုံး စွမ်းအင်နဲ့တင်အသုံးပြုနိုင်အောင် စီစဉ်နေပါတယ်” ဟု ကိုကိုရဲက ဆက်လက်ပြောသည်။

ထို့အပြင် Raspberry Pi နည်းပညာဖြင့် ယာဉ်ကြောအသွားအလာများကို ထိန်းချုပ်ပေးနိုင်သည့် Traffic Control AI (Artificial Intelligence) စနစ်တစ်ခုကိုလည်း စမ်းသပ်ရန်ရှိကြောင်း သိရသည်။

“အခုမီးပွိုင့်တွေက နံပါတ်တွေပုံသေနဲ့  သွားတာ။ ကားရှိလည်း မီးပွိုင့်က နီချင်နီနေမယ်။ ကားမရှိဘဲလည်း စိမ်းချင်စိမ်းနေမယ်။ ကြိုတင် သတ်မှတ်ထားတဲ့ ပုံသေနှုန်းနဲ့ သွားနေကြတာ။ အဲဒီတော့ ကားမရှိလည်း အဲ့ဒီဘက်ကို လွှတ်ပေးထားတာ ဖြစ်ရင်ဖြစ်နိုင်တယ်လေ။ အခု AI သုံးမယ်ဆိုရင်တော့ ကားတွေကို တွက်ချက်ပြီး သေချာလွှတ်ပေးမှာဖြစ်တဲ့အတွက် ကားမရှိဘဲ စိမ်းနေတာ။ ကားတွေများပြီး အဲဒီ့ဘက်ကို အကြာကြီးပိတ်ပြီး နီထားတာမျိုးတွေ မဖြစ်တော့ဘူးပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ၎င်းတို့ စမ်းသပ်ရန်ရှိသည့် အထက်ပါ နည်းပညာနှင့်ပတ်သက်ပြီး ဆက်လက်ပြောသည်။

သို့သော် အများပြည်သူနှင့် သက်ဆိုင်သည့် အဆိုပါစနစ်မျိုးသည် လက်တွေ့လုပ်ဆောင်ရန်အတွက် အစိုးရဌာနများနှင့်သာ တိုက်ရိုက်သက်ဆိုင်သည်ဟု Ubuntu Myanmar LoCo Team ၏ တာဝန်ရှိသူက ဆိုသည်။

“အဲဒါတွေက ကျွန်တော်တို့ စမ်းသပ်ရုံပဲ ရှိမှာပါ။ တကယ် အသုံးပြုဖို့ဆိုတာကတော့ သက်ဆိုင်ရာနေရာတွေ၊ ဌာနတွေနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါလိမ့်မယ်။ အဲ့ဒီအချက်တွေနဲ့ ပတ်သက်ပြီး သုတေသနပိုင်းနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့အပိုင်းအတွက်ပဲ ကျွန်တော်တို့ လုပ်ပေးနိုင်ပါတယ်” ဟု ဆိုသည်။

ယခုလက်ရှိတွင် ရန်ကုန်ပြည်တွင်း လေဆိပ်တွင် လေယာဉ်အချိန်စာရင်းများ ဆိုက်ရောက်ခြင်း၊ ထွက်ခွာခြင်း အချက်အလက်များကို ပြသရန်အတွက် ယခင်က  Power Point နည်းပညာကို အသုံးပြုရာမှ ယခုအခါတွင် Raspberry Pi နည်းပညာကို ပြောင်းလဲအသုံးပြုထားပြီဖြစ်ကြောင်း သိရသည်။


ယုဇနကိုကို
Internet Journal