နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တစ်နာရီကြာ ဆွေးနွေးသော်လည်း သတင်း မထုတ်ပြန်

ပို့စ်တင်ချိန် - 3/10/2014 04:10:00 PM




ရန်ကုန်၊ မတ် ၉

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်ရာတွင် မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီ အချိန်က တစ်နာရီကြာ တံခါးပိတ် ဆွေးနွေးခဲ့သော်လည်း သတင်း ထုတ်ပြန်မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် NLD ပါတီထံမှ သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်မှ အပ မည်သူ တစ်ဦးတစ်ယောက်မှ ဝင်ခွင့်မပြုဘဲ သီးသန့် ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး သတင်း ထုတ်ပြန်မှုလည်း ပြုလုပ်မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တွေ့တယ် ဆိုတာတော့ အတည်ပြုနိုင်ပါတယ်။ သတင်း ထုတ်ပြန်ဖို့တော့ မရှိဘူး” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောဆိုသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံတော် သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးရေး ကိစ္စရပ်များနှင့် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား သဘောထား ကွဲလွဲမှု အချို့ ပေါ်ပေါက်ခဲ့ပြီး ခေါင်းဆောင် နှစ်ဦးအကြား ဆက်ဆံရေး အလှမ်းဝေးလာကြောင်း ပြည်တွင်း ပြည်ပက ဝေဖန်နေချိန်တွင် ယင်းသို့ တွေ့ဆုံခြင်း ဖြစ်သည်။

ယင်းအတွက် နိုင်ငံတော် သမ္မတနှင့် NLD ဥက္ကဋ္ဌတို့၏ ယနေ့ တွေ့ဆုံမှုမှာ များစွာ ကျေနပ်ဖွယ် ဖြစ်ပြီး နိုင်ငံရေး ခေါင်းဆောင်များ အကြား တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းသစ် တစ်ရပ် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် Stakeholders များ အကြား အချိန်မရွေး တွေ့ဆုံနိုင်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုဂျင်မီက သုံးသပ်သည်။

“နောက်ပြီး ခုလို အားလုံးက စိတ်ဝင်စားတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်မှုကို တတ်နိုင်သလောက် လုပ်ပေးသင့်တယ်” ဟု ၎င်းက ထောက်ပြသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် အတွက်ဟု ဆိုကာ NLD ပါတီက နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ပြီး ယင်းသို့ တွေ့ဆုံရန်အတွက် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ အစီရင်ခံစာ ထွက်လာပြီးချိန် နောက်ပိုင်းမှသာ စီစဉ်သင့်ကြောင်း နိုင်ငံတော် သမ္မတက သဘောထား ပြန်ကြားခဲ့သည်။

နိုင်ငံတော် သမ္မတ၏ ယင်းပြန်ကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က လိုလားမှု မရှိဘဲ တွေ့ဆုံရန် ထပ်မံ ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည့် အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ပူးတွဲ ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံကြောင်း အရိပ်အမြွက် ပြောဆိုထားသည့် မျိုးစောင့်ဥပဒေ ဆိုင်ရာ ဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကော်မရှင်တစ်ရပ် ဖွဲ့စည်း တာဝန်ပေးသည့် အချိန်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ငါးကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့မှာ ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဒုတိယအကြိမ်၊ စက်တင်ဘာလ အတွင်း အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် တတိယအကြိမ်၊ ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း စတုတ္ထအကြိမ် တွေ့ဆုံခဲ့ပြီး ခြောက်လအကြာ ၂၀၁၄ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ပဉ္စမအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

The Voice Weekly