ဒုချီးရားတန်းတွင် တစ်လကျော် အတွင်း မီးရှို့မှု နှစ်ကြိမ်ဖြစ်

ပို့စ်တင်ချိန် - 3/10/2014 01:12:00 PM


ရန်ကုန်၊ မတ် ၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ကျေးရွာတွင် မတ်လ ၉ ရက်နေ့က ဘင်္ဂါလီကိုယ်တိုင် မီးရှို့မှု ထပ်မံ ဖြစ်ပွားသဖြင့် နေအိမ် ၁၂ လုံးနှင့် ဝါးထရံကာ ဘာသာရေး အဆောက်အအုံ တစ်လုံး မီးလောင်ကျွမ်းသွားကြောင်း ရခိုင်ပြည်နယ် သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က ဒုချီးရားတန်း အနောက် ကျေးရွာတွင် မီးရှို့မှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၄၁ ရက်အကြာ ဒုချီးရားတန်း အလယ်ကျေးရွာတွင် မီးရှို့မှု ထပ်မံ ဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုမှာ အသက် ၄၀ ကျော်အရွယ် ဆော်လီမူလာ ဆိုသူက ကိုယ့်အိမ်ကိုယ် မီးရှို့ရာမှ အခြား နေအိမ်များကို ကူးစက် မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း ယင်းနေအိမ် အနီးတွင် နေထိုင်သည့် ဘင်္ဂါလီ အမျိုးသမီးနှစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ မောင်တောခရိုင် ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ဆိုသည်။
“မီးရှို့တဲ့သူက ထွက်ပြေးသွားပြီ။ မမိသေးဘူး” ဟု ၎င်းကပြောဆိုသည်။

ယင်းရှို့မီးကို မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က သွားရောက် ငြှိမ်းသတ်ခဲ့ပြီး မီးလောင်ကျွမ်းမှုမှာ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် ဒါးပိုင် ကျေးရွာတွင်လည်း မတ်လ ၈ ရက်နေ့က ထမင်းချက်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၃၆ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ဒုချီးရားတန်း အလယ်ရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ကင်းလှည့်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ကြပ်ကြီး တစ်ဦးမှာ ယနေ့ထိတိုင် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း၊ ဒုချီးရားတန်း အနောက် ကျေးရွာတွင်လည်း ဇန်နဝါရီလ ၂၈ ရက်နေ့က မီးရှို့မှု ဖြစ်ပွားခဲ့သဖြင့် နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းသွားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly Myanmar