မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုတွင် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ဆက်လက် မြင့်တက်

ပို့စ်တင်ချိန် - 3/10/2014 01:08:00 PM


ရန်ကုန်၊ မတ် ၉

အိုဇုန်းလွှာ ပါးလွှာခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ခရမ်းလွန်ရောင်ခြည် (UV radiation) ကျရောက်လျက် ရှိရာ မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့ အပြင် မန္တလေးတိုင်း ဒေသကြီးတွင် မတ်လ ဒုတိယပတ် အတွင်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၂ အထက်ကို ကျော်လွန် ရောက်ရှိပြီး အပြင်းထန်ဆုံး အဆင့်ကို ခံစားရနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

“အထူးသဖြင့် ၁၁ နာရီကနေ ၁ နာရီအတွင်း နေရောင်ထဲ ကြာကြာနေရင် အန္တရာယ် အလွန်ကြီးတဲ့ (Serious risk) ပဲ။ ဒါကြောင့် နေရောင်နဲ့ တိုက်ရိုက် မထိတွေ့ဖို့ ရှောင်ရှားတာက အကောင်းဆုံး နည်းလမ်းတစ်ခုပဲ” ဟု ဦးထွန်းလွင်က ဆိုသည်။

မတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ခန့်မှန်းချက်များ အရ ရန်ကုန်မြို့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၂ ဒသမ ၉ အဆင့်ထိ ရောက်ရှိနိုင်ကြောင်း ၎င်းက သတိပေး ပြောကြားသည်။

နံနက် ၁၀ နာရီမှ ညနေ ၄ အတွင်းသည် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အပြင်းထန်ဆုံး ဖြစ်ပြီး နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှု ပမာဏ လိုအပ်သည်ထက် များပြားလာပါက အရေပြားဆိုင်ရာ ကင်ဆာရောဂါများနှင့် မျက်စိတိမ်စွဲခြင်း စသည်တို့ ဖြစ်ပွားနိုင်သဖြင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးချက် ထုတ်ပြန်ထားသည်။

The Voice Weekly Myanmar