ဝက်အူချောင်းများ အရောင်းကျမည်စိုး၍ အာမခံဖြင့် ရောင်းချလာ

ပို့စ်တင်ချိန် - 3/10/2014 02:02:00 PM

မုံရွာဈေးကွက်တွင်ရောင်းချနေသော ၀က်အူချောင်းများ ဓာတ်ပုံ − မျိုးမင်းဦး

မုံရွာဈေးကွက်အတွင်း ရောင်းချသော ၀က်အူချောင်း(ဒေသအခေါ်) ၀က်အူတောင့်များတွင် အသားတုများ ထည့်သွင်းရောင်းချခဲ့သည့်နောက် ၀က်အူဆိုင်အချို့မှာ အာမခံစနစ်ဖြင့် ရောင်းချနေရကြောင်း ၀က်အူတောင့်ရောင်းချသူများက ပြောသည်။
       
‘‘မုံရွာဈေးထဲက ၀က်အူတောင့်အချို့မှာ အသားတုတွေ ထည့်သွင်းရောင်းချလာတဲ့အတွက် ၀က်အူတောင့်လုပ်ငန်းရှင်အချို့ အာမခံစနစ်နဲ့ ရောင်းရတယ်။ ၀က်အဆီနဲ့ အသားတုရောစပ်ပြီး ရောင်းတဲ့အတွက် အတောင့်အရွယ်အစားလှပပေမယ့် စားတဲ့အခါ အရသာသိပ်မရှိဘူး။ ဒါကြောင့် ၀က်အူတောင့်ဆိုင်တွေ အရောင်းကျမှာစိုးရိမ်ရတဲ့အတွက် အာမခံစနစ်နဲ့ရောင်းတဲ့ဆိုင်တွေ ရှိတယ်’’ ဟု မုံရွာမြို့ခံ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
         
‘‘ရေဦးဝက်အူတောင့်ကတော့ ဆိတ်အူ၊ ၀က်အူစစ်စစ်နဲ့ ၀က်အသားကို လုပ်ပါတယ်။ စောစောပိုင်းတုန်းက ၀က်အူတောင့်ကို ဆိတ်အူအစား ပလတ်စတစ်တွေ သုံးတယ်လို့ သတင်းတွေထွက်လာတယ်။ အခု ၀က်သားနေရာကို အသားတုတွေနဲ့ လုပ်ရောင်းတယ်လို့ သတင်းတွေ ထပ်ထွက်လာတယ်။ ၀က်အူတောင့် ငါးရာဖိုးဝယ်လည်း ဒီဆိုင်တံဆိပ်နဲ့ ကပ်ရောင်းလိုက်တယ်။ ဆိတ်အူ၊ ၀က်အူစစ်စစ်နဲ့ လုပ်တဲ့အကြောင်း ၀က်သားစစ်စစ်လုပ်တဲ့အကြောင်းကိုပါ အာမခံနေရတယ်’’ဟု ရသာမွန် ၀က်အူတောင့် အရောင်းဆိုင်ပိုင်ရှင် ကိုထူးက ပြောသည်။
         
တစ်နိုင်တစ်ပိုင် ၀က်အူတောင့်လုပ်ငန်းလုပ်ကိုင်သူအချို့က ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ရန် အသားတုများဖြင့် ပြုလုပ်ရောင်းချခြင်းကြောင့် အာမခံစနစ်ဖြင့် ရောင်းချလာခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာဈေးကွက်တွင် ရေဦးဒေသထွက် ၀က်အူတောင့် တစ်တောင့်လျှင် ကျပ် ၇၀ မှ ကျပ် ၉၀ ၀န်းကျင်ရှိပြီး မုံရွာဒေသထုတ် ၀က်အူတောင့်တစ်တောင့်လျှင် ကျပ် ၆၀ မှ ကျပ် ၃၀၀ အထိ အရောင်းအ၀ယ်ရှိသည်။

7 Day Daily