ပျောက်ဆုံး မလေးရှား လေယာဉ်ကို ဆက်လက်ရှာဖွေ

ပို့စ်တင်ချိန် - 3/10/2014 02:01:00 PM



လေယာဉ်ပျောက် ရှာဖွေနေတဲ့ အမေရိကန် သင်္ဘောတစ်စီး 

ဗီယက်နမ်နိုင်ငံ ဖူကို့ခ်ျကျွန်းနားမှာ ဆီကွက်တွေနဲ့အတူ သံသယဖြစ်ဖွယ် အပိုင်းအစတွေကို တွေ့ခဲ့ပြီးတဲ့နောက် လူ ၂၃၉ ယောက် တင်ဆောင်ထားပြီး ပျံသန်းရင်း ပျောက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ကို နိုင်ငံအတော်များများက မတ် ၁၀ ရက်နေ့ထိ ဆက်လက်ရှာဖွေနေပါတယ်။

ဘိုးရင်း 777-200 လေယာဉ်ပျောက်ဆုံးမှုကို ရှာဖွေစုံစမ်းနေတဲ့ အရာရှိတွေကတော့ လေယာဉ်ဟာ ပျံသန်းနေဆဲမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့တယ်လို့ သံသယရှိနေကြကြောင်း အကြီးတန်းသတင်းရင်းမြစ်က မတ် ၉ ရက်နေ့က ပြောပါတယ်။

မလေးရှားနိုင်ငံတွင်း လေယာဉ်ပျောက် စုံစမ်းစစ်ဆေးမှုအတွင်း ပါဝင်သူ သတင်းရင်းမြစ် တယောက်ကတော့ အပျက်အစီးတွေကို ရှာမတွေ့နိုင်တာက လေယာဉ်ဟာ အမြင့်ပေ ၃ သောင်းခွဲမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပုံရတယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဗုံးလိုဟာမျိုး ပေါက်ကွဲမှု ဖြစ်နိုင်ချေကို ဆက်မေးရာမှာတော့ သက်သေတွေ မရှိတဲ့အတွက် လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာ အကြောင်းပြချက်ကြောင့် ပေါက်ကွဲတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဗီယက်နမ်၊ မလေးရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေက ရှာဖွေရေးအတွက် လေယာဉ် ၃၄ စီးနဲ့ သင်္ဘောအစီး ၄၀ တာဝန်ချ ကူညီထားပါတယ်။

တရုတ်နဲ့ အမေရိကန်ကလည်း သင်္ဘောတွေ ပို့ပေးထားပြီး အမေရိကန်အစိုးရကတော့ ပင်လယ်ရေကြောင်း စောင့်ကြည့်ရေး လေယာဉ်တစီး တာဝန်ချထားပေးပါတယ်။

ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့ညကတော့ ပျောက်ဆုံးလေယာဉ်မှာ ပါတယ်လို့ သံသယရှိတဲ့ ပစ္စည်းတခုကို တွေ့ထားကြောင်း ဗီယက်နမ် အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ဒါပေမယ့် အရာရှိတွေကတော့ ကောက်ချက်ချဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်ရှာဖွေရေး လေယာဉ်ရဲ့ ကင်မရာမှာ ပေါ်နေတဲ့ ပုံရိပ်ထဲမှာတော့ ပင်လယ်ထဲမှာ မျောနေတဲ့ ပစ္စည်းကို မြင်ရတာပါ။ မလေးရှားနဲ့ ဗီယက်နမ်ကြား ပင်လယ်မှာလည်း ရှာဖွေရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်နေပါတယ်။

လေယာဉ်ပေါ်မှာတော့ တရုတ် ၁၅၂ ဦး၊ မလေးရှား ၃၈ ဦး၊ အင်ဒိုနီးရှား ၇ ဦး၊ သြစတြေးလျ ၆ ဦး၊ အိန္ဒိယ ၅ ဦး၊ ပြင်သစ် ၄ ဦးနဲ့ အမေရိကန် ၃ ဦး ပါတယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။

နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရကတော့ လေယာဉ်ပေါ်ပါတဲ့သူတွေ သုံးခဲ့တဲ့ စာရွက်စာတမ်းအားလုံးကို စစ်ဆေးရာက သံသယဖြစ်ဖွယ် နိုင်ငံကူးလက်မှတ်တွေကို တွေ့လို့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် နိုင်ငံကူးလက်မှတ် ဘယ်နှအုပ်ဆိုတာနဲ့ ဘယ်နိုင်ငံတွေ ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

ခိုးယူခံရတဲ့ ဥရောပနိုင်ငံကူးလက်မှတ်တွေကို သုံးခဲ့တဲ့ ခရီးသည်တွေဟာ အာရှက လူတွေရဲ့ ရုပ်ရှည်မျိုးတွေ ရှိတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး အာမက် ဇာဟစ် ဟာမစ်ဒီက ပြောကြောင်း မလေးရှားအစိုးရသတင်းဌာနက ဆိုပါတယ်။ ဒီလူတွေကို လေယာဉ်ပေါ် ပေးတက်ခဲ့တဲ့ အရာရှိတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။

တရုတ်ပြည်ကို သွားတဲ့လေယာဉ် ရေဒါပေါ်ကနေ ပျောက်ပြီး အဆက်အသွယ် ပြတ်ခဲ့တာ ၄၈ နာရီ ကျော်ကြာပြီ ဖြစ်ပါတယ်။

လေယာဉ်ပျံသန်းရာ လမ်းကြောင်းအောက်က ရေပြင်မှာတော့ စစ်ဘက်နဲ့ အရပ်ဘက် ရေယာဉ်တွေ ပိုက်စိပ်တိုက် ရှာနေဆဲပါ။

ဒါပေမယ့် ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်သမျှ အတည်ပြုနိုင်တဲ့အချက်တော့ မရသေးဘဲ တွေ့ရှိထားတဲ့ ဆီကွက်ကိုလည်း လေယာဉ်ဆီ ဟုတ် မဟုတ် စစ်ဆေးနေဆဲပါ။

DVB Burmese