ခရိုင်းမီးယား၏ ယူကရိန်းမှ ခွဲထွက်မည့် ပြဿနာ

ပို့စ်တင်ချိန် - 3/10/2014 07:28:00 PM


မတ်လ ၁၀။

ရုရှားနှင့် ပူးပေါင်းရန် ဆုံးဖြတ်မည့် ခရိုင်းမီးယား၏ လူထုဆန္ဒ ခံယူပွဲကို ရုရှားမှ ထောက်ခံအားပေးမှုနှင့် ပတ်သက်ပြီး ၎င်းလုပ်ဆောင်မှုသည် တရားဝင်မှု မရှိပဲ ယူကရိန်း၏ အခြေခံ ဥပဒေကို ချိုးဖျက်ခြင်း ဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်မှ ရုရှားသမ္မတ ဝလာဒီမာပူတင်အား ပြစ်တင်ပြောဆိုခဲ့သည်။

ယူကရေးနီးယန်း ပင်လယ်နက် ကျွန်းဆွယ်ရှိ နယ်ခြားစောင့် ဂိတ်တစ်ခုနှင့် စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်း တစ်ခုကို ရုရှားစစ်တပ်များမှ သိမ်းပိုက်ခြင်းဖြင့် ရုရှားအား ထောက်ခံသည့် ခရိုင်းမီးယားရှိ ခေါင်းဆောင်များ၏ လုပ်ဆောင်မှုများအား ပူတင်မှ အကာအကွယ် ပေးခဲ့သည်။

ရုရှား ထောက်ခံသည့် တက်ကြွသူများနှင့် ကော့ဆက်များမှ ယူကရေးနီးယန်း လူမျိုး အုပ်စုအား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ထောင်ပေါင်းများစွာသော လူများ ခရိုင်းမီးယားတွင် စုဝေးခဲ့ကြပြီး ဆီဗာစတိုပေါ ဆိပ်ကမ်းမြို့၏ လမ်းများပေါ်တွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည်။

အကျပ်အတည်းအတွက် နိုင်ငံရေးဖြေရှင်းချက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ရှာဖွေရန် တရုတ်သမ္မတ ဇီကျင်းပင်မှ အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်တို့ဖြင့် ဖုန်းပြောဆိုမှုတွင် တောင်းဆိုခဲ့သည်။

“ ယူကရိန်းရဲ့ အခြေအနေက အရမ်းကို ရှုပ်ထွေးပါတယ်။ အခု အရေးအကြီးဆုံးက အားလုံးသော အဖွဲ့အစည်းတွေဟာ တည်တည်ငြိမ်ငြိမ်နဲ့၊ တင်းမာမှုတွေ မြင့်တက်လာခြင်း မရှိအောင် ထိန်းသိမ်းဖို့ပါပဲ။ ဒီပြဿနာကို နိုင်ငံရေး၊ သံတမန်ရေးရာတွေ နဲ့ ဖြေရှင်းသွားရမှာပါ ” ဟု မစ္စတာ ဇီမှ အိုဘားမားအား တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

ရရှားတပ်ဖွဲ့ သိမ်းပိုက်ထားသည့် နေရာများတွင် သွေးထွက်သံယိုမှု ဖြစ်ပွားခြင်း မရှိသော်လည်း ရုရှားယိမ်း အဖွဲ့များမှ ခရိုင်းမီးယားအား ရုရှား၏ အစိတ်အပိုင်းအဖြစ် သက်မှတ်ရန် ဆုံးဖြတ်ပြီးနောက် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

ယူကရိန်း နိုင်ငံမှ ရုရှားယိမ်း သမ္မတဟောင်း ယာနူကိုဗစ်ခ်ျ ထွက်ခွာသွားပြီး နောက်ပိုင်းရက်များတွင် ခရိုင်းမီးယား၌ ရုရှား တပ်ဖွဲ့များ ဝင်ရောက်ခဲ့ကြသည်။ ရုရှားနှင့် နီးကပ်သော ဆက်ဆံရေး ရှိသည့် ယာနူကိုဗစ်ခ်ျသည် ဥရောပ သမဂ္ဂနှင့် လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးရန် ငြင်းပယ်ခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး သုံးလအကြာတွင် ဖြုတ်ချခံခဲ့ရသည်။

အကျပ်အတည်း ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် ယူကရိန်း ဝန်ကြီးချုပ် အာစင်နီယက်စနီယာမှ သမ္မတ အိုဘားမားနှင့် ဆွေးနွေးမှုကို ဗုဒ္ဓဟူးနေ့တွင် ဝါရှင်တန်၌ ပြုလုပ်မည် ဖြစ်ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။ လာမည့် အပတ်တွင် ကျင်းပမည့် လူထုဆန္ဒခံယူပွဲတွင် ခရိုင်းမီးယား အနေဖြင့် ယူကရိန်းမှ ခွဲထွက်မည်ဆိုလျှင် အမေရိက အနေဖြင့် အသိအမှတ် ပြုမည် မဟုတ်ကြောင်း အိုဘားမား၏ ထိပ်တန်း လုံခြုံရေး အရာရှိ တစ်ဦးမှ ပြောဆိုခဲ့သည်။

Ref: CNN
The Myanma Age