၂၀၁၅ အလွန် ကာချူပ် ကြီး ဘယ်ရွေ့မလဲ - အပိုင်း(၁)

ပို့စ်တင်ချိန် - 3/10/2014 02:03:00 PM


ရန်ကုန်တိုင်းမ် ဂျာနယ် ၊ အတွဲ (၁၀) အမှတ် (၁၀)

ကနေဦးအနေဖြင့် ''လက်ရှိမြန်မာ့တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂ဝ၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ဖြစ်လာနိုင်ပါသလား''ဟု မေးခွန်းထုတ်မည်ဆိုပါက နှင်းမှုန်ကြားတွင် ပျံသန်းနေသည့် လင်းယုန်ငှက်တစ်ကောင်ကို မျှော်ကြည့်ရသလို ဖြစ် ပေလိမ့်မည်။ မှုန်မှုန်ဝါးဝါးနှင့် မသဲမကွဲနိုင်လှသည်။ သို့သော် အမေး ရှိလျှင် အဖြေရှိပါသည်။

ထိုမေးခွန်းအပေါ် မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်နိုင်ငံသားသတင်း စာဆရာ ဘာတေးလင်တ်နာက ယခုလို သုံးသပ်ဖြေဆိုပါသည်။
''ကာချုပ် မင်းအောင်လှိုင်ရာထူးကအနားယူပြီးနောက်ပိုင်းကာလ အတွက် ပြင်ဆင်နေတယ်ဆိုတာ ရှင်းပါတယ်။ အရင်ကထက်လူထု ရှေ့ကို မကြာခဏထွက်ပြလာတယ်။ တချို့လူတွေက ဒုတိယသမ္မတဆို တာထက်ပိုပြီးတော့ ၂ဝ၁၅နောက်ပိုင်းမှာ သမ္မတဖြစ်လာမယ်လို့ ခန့် မှန်းတာတွေရှိလာတယ်။ ဒါပေမယ့် ဦးသိန်းစိန်၊ သမ္မတဆက်ဖြစ်ပြီး ကာချုပ် မင်းအောင်လှိုင်က ဒုတိယသမ္မတဖြစ်လာနိုင်ဖွယ်လဲရှိပါတယ်။ ဦးသိန်းစိန်ဟာ နိုင်ငံတကာအထိ ထင်ရှားပြီး စစ်မှုထမ်းခဲ့ဖူးတဲ့သူ့ကို တပ်မတော်အနေနဲ့ လွှမ်းမိုးထားနိုင်တာကလဲ ကာချုပ် မင်းအောင်လှိုင် အတွက် အရေးပါတဲ့အချက်ပါ''။

မျှော်လင့်မထားသည့်အရာများကိုဖန်တီးတတ်သောအနာဂတ် ကို ဟောကိန်းထုတ်ရသည်က အင်မတန်ခက်ခဲသည်မို့ လာမည့်အ ပြောင်းအလဲအတွက် ''ဘာတွေဖြစ်လာမယ်ဆိုတာ တိတိကျကျပြောဖို့ ခက်ပါတယ်''ဟု ဘာတေးက ပြောသည်။
အလားတူနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင် ကလည်း ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်သည် တပ်မတော်သား ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်သော ဒုတိယသမ္မတတစ် ယောက်အနေဖြင့် မြန်မာနိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်လာလိမ့် မည်ဟု ထင်ကြေးပေးသည်။

''ဘာလို့လဲဆိုတော့ လက်ရှိသူဟာ တပ်မတော်ရဲ့အနီးကပ်အကြီး အကဲတစ်ယောက်ဖြစ်နေတာကိုး။ အခုလက်ရှိလဲ တပ်မတော်ကို ကာ ကွယ်ရေးဦးစီးချုပ်အနေနဲ့ ကောင်းကောင်းထိန်းကျောင်းနေနိုင်တယ် လို့ ကျွန်တော်တို့မြင်နေရတယ်။ ဒါကြောင့်မို့ သူဟာ ဒီနိုင်ငံရေးဖြစ် စဉ်ပေါ်မှာ ဆက်ပြီးပါဝင်လာလိမ့်မယ်''ဟု ဦးရဲအောင်က ဆိုပါသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စား လှယ်အစုအဖွဲ့သည် တပ်မတော်သားဒုသမ္မတတစ်ယောက်ကို သေချာ ပေါက် ရွေးချယ်ခွင့်ရှိနေသည်။ ''ဆိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ပဲဖြစ်ဖြစ်၊ အခြားတပ်မတော်သားတစ်ယောက်ပဲဖြစ်ဖြစ် တပ်မတော် သားကိုယ်စားလှယ်အစုအဖွဲ့ကသာတင်မယ်ဆိုရင် တပ်မတော်က ဒုသမ္မတတစ်ယောက်တော့ရမှာ အသေအချာပဲ''ဟု ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင်တစ်ဦးဖြစ်သူ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းမှ ဦးကိုကိုကြီးက ရန်ကုန်တိုင်းမ်သို့ပြောသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း-၃၊ ပုဒ်မ-၆ဝပါ ပြဋ္ဌာန်းချက်များအရ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်များကို အ ခြေခံကာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့နှစ်ဖွဲ့ နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့တို့မှ ဒုတိယ သမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်ထဲမှဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သည့်ထဲမှဖြစ်စေ ရွေးချယ်ပေးရမည်ဖြစ်သည်။ အဆိုပါနိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦး အနက် ကြိုက်နှစ်သက်ရာဒုတိယသမ္မတစ်ဦးကို နိုင်ငံတော်သမ္မတအ ဖြစ် ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ရမည်ဟု ဆိုထားသည်။

လက်ရှိအခြေအနေများအရ ကာချုပ်မင်းအောင်လှိုင်တစ်ယောက် သမ္မတဖြစ်ရေး၊ မဖြစ်ရေးကို င်္သခကျ ဖြတ်လို့ရသည်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အနောက်ပိုင်းခရိုင်ဥက္ကဋ္ဌ ဦးခင်စိုးက ပြော သည်။
''မင်းအောင်လှိုင်က ဒီနေ့အထိ လုပ်တာကိုင်တာ တည်တည် ငြိမ်ငြိမ်ပဲ၊ အမှားကိုထောက်ပြစရာမရှိသလောက်ပဲ။ ဦးရွှေမန်းမှာ အမှားရှိတယ်။ ဒေါ်စုမှာကလဲ ၅၉(စ)ရှိနေတယ်။ ဦးသိန်းစိန်ကျတော့ လဲ ကျန်းမာရေးရှိနေတယ်။ (မင်းအောင်လှိုင်က) အသက်ကလဲ အ ငယ်ဆုံး၊ နောက်မှာကလဲ ၂၅ရာခိုင်နှုန်းရှိနေတယ်။ တပ်မတော်အား မပါဘဲနဲ့ သမ္မတလုပ်ဖို့ဆိုတာ မလွယ်ဘူး။ ဒီတော့ မင်းအောင်လှိုင်ထက် အခြေအနေကောင်းတဲ့လူမရှိနိုင်ဘူး''ဟု ဦးခင်စိုးက ဆိုသည်။ ထို့ပြင် တိုင်းပြည်၏ ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍကိုကြည့်လျှင်လည်း ပြည် ထဲရေး၊ နယ်စပ်ရေးရာနှင့်နိုင်ငံခြားရေး စသည်ဖြင့် တန်းစီဇယားတွင် လည်း ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်သည် ထိပ်ဆုံးတွင်ရှိနေ သည်ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတတိယအပတ်က ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီသို့ပေးပို့သော လုပ်ငန်း စဉ်ငါးချက်အနက် အချက်တစ်ချက်သည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်ကြီးမင်းအောင်လှိုင်သမ္မတဖြစ်ရေးအတွက် အဟန့်အတားတစ်ခု ဖြစ်စေသည်ဟု ပြည်တွင်းပြည်ပနိုင်ငံရေးလေ့လာသူများ၊ နိုင်ငံလုပ် ငန်းဆောင်ရွက်နေသူများအကြား ဝေဖန်မှုများရှိခဲ့သည်။ အဆိုပါအ ချက်မှာ ''နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး အဆင့် အုပ်ချုပ်ရေးဆိုင်ရာပုဂ္ဂိုလ်များအဖြစ် ခန့်အပ်ပေးရာ၌ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များကိုသာခန့်အပ်ခြင်းဖြင့် ဒီမိုက ရေစီဖော်ဆောင်မှုနှင့် ညီညွတ်စေရေး''ဟု ဆိုပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတ သို့မဟုတ် ဒုသမ္မတဖြစ်ဖို့အတွက်အတားအဆီးမရှိသော်လည်း အ တိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာနိုင်ငံ သားမဟုတ်သောသားနှစ်ယောက်ကြောင့် အတားအဆီးခံနေရသည်။ သို့သော် သူရဦးရွှေမန်းသည် ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတ သို့ မဟုတ် ဒုသမ္မတဖြစ်ဖို့ အတားအဆီးဖြစ်လာနိုင်သည်ဟု ဘာတေး လင်တ်နာက ယူဆသည်။ ''စစ်တပ်က မင်းအောင်လှိုင်ကို ဒုတိယသမ္မတ အနေနဲ့ရွေးချယ်ကြလိမ့်မယ်။ သူရဦးရွှေမန်းကလဲ ကာချုပ် မင်းအောင် လှိုင်ကို တပ်မတော်သားတွေက သူတို့ရဲ့ဒုတိယသမ္မတအနေနဲ့ ရွေး ချယ်နိုင်တယ်လို့ ယုံကြည်နေတယ်''ဟု ရန်ကုန်တိုင်းမ်ကို အီးမေးလ်ဖြင့် ပြောပါသည်။

ထိုအချက်သည် ယေဘုယျအားဖြင့်ကြည့်လျှင် တကယ့်ကို ဒီမို ကရေစီစံနှုန်းများနှင့်ကိုက်ညီအောင် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ထောက်ခံမှုများရှိသော်လည်း နိုင်ငံတော်အတွက် အကျပ်အတည်းဖြစ် သည့်ကာလမျိုးတွင် ရွေးကောက်ခံကိုယ်စားလှယ်ထဲက ရွေးချယ်ဖို့ မလုံလောက်တော့ဘဲ အခြားပညာရပ်ဆိုင်ရာကျွမ်းကျင်သူများဖြစ် စေ၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်အသီးသီးမှ လူရိုသေ ရှင်ရိုသေကျွမ်း ကျင်သူများဖြစ်စေ၊ ခေါ်ယူတာဝန်ပေးရာတွင် အခက်အခဲများဖြစ်ပေါ် နိုင်သည်ဟု ဦးကိုကိုကြီးက ထောက်ပြသည်။ ထိုအချက်ကြောင့် တိုင်း ပြည်အတွက် အရေးပေါ်လိုအပ်သည့်အခါ ကျင့်သုံးနိုင်သောအခွင့် အလမ်းများ ဆုံးရှုံးသွားမည်ကိုစိုးရိမ်ကြောင်း သူက ယခုလိုပြောသည်။

''စစ်တပ်က နိုင်ငံရေးထဲမှာပါဝင်ပတ်သက်နေတာကို ဖယ်ရှား ဖို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ စစ်တပ်ပါဝင်ပတ်သက် မှုနဲ့ဆိုင်တဲ့အခန်းတွေကို တဖြည်းဖြည်းချင်းပြင်ဆင်သွားရမယ့်အပိုင်း၊ တစ်ဖက်ကတော့ ရွေးကောက်ခံမှသာ အစိုးရအဖွဲ့ရဲ့တာဝန်တွေကို ထမ်းဆောင်ခွင့်ရှိတယ်ဆိုတာမျိုးကတော့ အစောကလို လိုအပ်လို့ ပညာ ရှင်တွေကို ဖိတ်ခေါ်တာဝန်ပေးရတဲ့အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင် တယ်''။
ထိုအချက်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အတွက် သမ္မတ သို့မဟုတ် ဒုသမ္မတဖြစ်လာနိုင်သည် ဆိုသောယူဆချက်များကို အားကောင်းစေခဲ့သည်။ အသက်အရွယ်အား ဖြင့် ၆ဝပြည့်တော့မည့်ကာကွယ်ရေးဦးစီးချုပ်သည် လာမည့် ၂ဝ၁၅ ခုနှစ်အကုန်ကာလတွင် ရာထူးမှအနားယူလိမ့်မည်ဟု ပြည်တွင်းမီဒီယာ တချို့တွင် ဖော်ပြခဲ့ကြသည်။ ထိုသတင်းကို လက်ရှိတပ်မတော်သား ကိုယ်စားလှယ်တချို့က အတည်ပြုပေးထားသည်။

ကာချုပ်အပေါ် နိုင်ငံရေးသမားတွေ ဘယ်လိုမြင်လဲ

နဂိုကတည်းက ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် စစ်သားတစ်ယောက်ဖြစ်သည်ဆိုခြင်းထက် ပိုသောအမြင်များပေးရန် သိပ်မရှိလှ။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အပေါ်တွင် လည်း မည်မည်ရရ စကားဝင်မပြောခဲ့၊ အမြဲတမ်းနှုတ်ဆိတ်နေခဲ့သည်။

ဘာတစ်ခုမှဝင်မပြောသလို ဘာတွေကိုပြောင်းလဲစေခဲ့သလဲဟုဆိုပြန် လျှင်လည်း ဘာတစ်ခုမှ သိပ်ပြောင်းလဲတာကို မတွေ့ရဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က ဆိုပါသည်။
''သူသွားဖို့အတွက် ချပေးထားတဲ့လမ်းကြောင်းအတိုင်းပဲ ဆက် သွားမယ်လို့ ကျွန်တော်မြင်တယ်။ တကယ့်နိုင်ငံရေးအပြောင်းအလဲ အပေါ် ထဲထဲဝင်ဝင်လုပ်ချင်တဲ့ ဆန္ဒရှိပုံမရပါဘူး။ သူလုပ်ချင်တာက တပ်မတော်ကိုပဲ ပရော်ဖက်ရှင်နယ်တပ်မတော်ဖြစ်အောင်လုပ်ချင်တဲ့ဆန္ဒမျိုးကိုပဲ တွေ့ရပါတယ်''ဟု ဦးရဲအောင်က ဆိုသည်။

မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင်လည်း တပ်မတော်၏အခန်း ကဏ္ဍကို ထိုမျှအတိုင်းအတာထိသာ ဖွင့်ပေးကာ အနောက်နိုင်ငံများနှင့် ဆက်ဆံသည့်သဘောမျိုးရှိနေပြီး အခြားသောထူးခြားသည့် ပြောင်း လဲမှုမျိုးကို ကာချုပ်ကြီးမင်းအောင်လှိုင်တွင် မတွေ့ရဟု ဆိုပါသည်။ ကာချုပ်ကြီး၏သဘောထားကိုကြည့်ခြင်းအားဖြင့် စစ်တပ်သည် သီး ခြားအခန်းကဏ္ဍတစ်ရပ်ကနေ မြန်မာ့နိုင်ငံရေးကို ထိန်းကျောင်းမည် ဆိုသည့်အယူအဆမျိုးကို မြင်တွေ့နေရသည်ဟုဆိုသည်။ ''သီးခြားအ ခန်းကဏ္ဍဆိုတာ ထိုင်းနိုင်ငံလိုပုံစံမျိုးတော့မဟုတ်ဘူး။ အုပ်ချုပ်ရေး ပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့ မြန်မာ့နိုင်ငံရေးကို သီးခြားအခန်းကဏ္ဍကနေ ထိန်း ကျောင်းသွားမယ့်ပုံစံမျိုးဖြစ်ပါတယ်''ဟု ဦးရဲအောင်က ပြောသည်။ ''ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ပတ်သက်ပြီးတော့ ပုဂ္ဂိုလ်ရေးထိတွေ့မှု က ကျွန်တော်တို့မှာ ဘာမှမရှိသေးဘူး''ဟု ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးကိုကိုကြီးက ပြောသည်။ သို့သော် တပ်မတော်နှင့် နိုင်ငံရေးသည် ကင်းရှိနေဖို့လိုသည်ဟု သူကဆိုသည်။

တပ်မတော်အယူအဆနှင့်နိုင်ငံရေးအမြင်ကွဲလွဲနေ

''လောလောဆယ်အခြေအနေမှာ စစ်တပ်က နိုင်ငံရေးလုပ်နေ တာပဲ။ အဲဒါကို နာမည်အမျိုးမျိုးနဲ့ အမျိုးသားနိုင်ငံရေးတို့၊ ပါတီနိုင်ငံရေး တို့ လျှောက်ပြောနေပေမယ့် နိုင်ငံရေးလုပ်နေတာပါပဲ''ဟု လက်ရှိစစ် တပ်၏ နိုင်ငံရေးအပေါ်ပါဝင်ပတ်သက်နေမှုအပေါ် ဦးကိုကိုကြီးက ရှင်းပြသည်။ နိုင်ငံရေးလုပ်လျှင် နိုင်ငံရေးအင်အားစုများနှင့်ထိတွေ့မှု၊ ဆွေးနွေးမှုများလုပ်သင့်သည်ဟု သူကအကြံပြုသည်။

ဆိုလိုသည်က ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အနေဖြင့် တပ်မတော် သားကိုယ်စားလှယ်အစုအဖွဲ့ကြောင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်း ထဲသို့ရောက်လာသည်ဖြစ်စေ၊ တခြားတပ်မတော်ခေါင်းဆောင်တစ်ဦး ရောက်လာသည်ဖြစ်စေ ထိုသူတို့သည် အရပ်ဘက်နိုင်ငံရေးအင်အားစု များ၊ တိုင်းရင်းသားအင်အားစုများနှင့် ရင်းရင်းနှီးနှီးထိတွေ့ဆက်ဆံ တာတွေ၊ ဆွေးနွေးမှုတွေ ပြုလုပ်သင့်သည်ဟု ဦးကိုကိုကြီးက ဆိုသည်။ ''ဒါမှအပြန်အလှန်နားလည်မှုတည်ဆောက်နိုင်မယ်။ အဲတော့ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်အနေနဲ့ တပ်မတော်သားအစုအဖွဲ့ကနေ တင် မြှောက်တဲ့ ဒုသမ္မတဖြစ်လာမယ်ဆိုရင်လဲ ဒုသမ္မတတာဝန်အပြင် အ ရပ်သားနိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားနိုင်ငံရေးအင်အားစု တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ပိုပြီးတော့ အာရုံစိုက်သင့်တယ်''ဟု သူကဆက်ပြောသည်။

လတ်တလောအခြေအနေတွင် ကာကွယ်ရေးဦးစီးချုပ်သည် တပ် မတော်အပေါ် အုပ်ချုပ်မှုအပိုင်းရော၊ တပ်မတော်သားကိုယ်စားလှယ် များ လွှတ်တော်ထဲတွင် ရပ်တည်ရေးစသဖြင့် ထိစပ်နေပြီးသားမို့ အ တွေ့အကြုံရှိပြီးသားပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါသည်။ သို့သော် သူ့အ နေဖြင့် အရပ်ဘက်နိုင်ငံရေးကို မှန်မှန်ကန်ကန်နားလည်နိုင်ဖို့ သုံးသပ် နိုင်ဖို့ လိုအပ်သည်ဟု ဦးကိုကိုကြီးက ယခုလိုပြောဆိုသည်။

''စိုးရိမ်တာက လုံခြုံရေးအဖွဲ့အစည်းတော်တော်များ များဟာ ကျွန်တော်တို့ကိုဆက်ဆံတဲ့အခါ အောက်ခြေမှာ ရှိတဲ့သတင်းထောက်လှမ်းတဲ့၊ စုဆောင်းတဲ့ပုဂ္ဂိုလ်တွေဆီ က စားပွဲပေါ်တက်လာတဲ့အချက်အလက်တွေ၊ စာရွက်စာ တမ်းတွေအပေါ်မှာမူတည်ပြီး ဆုံးဖြတ်လေ့ရှိတယ်။ ဒါလုံ ခြုံရေးတပ်ဖွဲ့အကြီးအကဲတွေအားလုံးပဲ။ သဘောကတော့ မျက်လုံးချင်းဆုံပြီး ဆွေးနွေးပြောဆိုပြီး အကဲခတ်ရတဲ့ အ ချက်အလက်နဲ့စာရွက်ပေါ်မှာ 'ဒီလူက ဘယ်တုံးက ဘယ် လိုပြောခဲ့တယ်၊ ဒီလူက သဘောထားပြင်းထန်တဲ့သူ၊ ပျော့ ပျောင်းတဲ့သူစသဖြင့်' သူတို့ဘာသာသူတို့ စာရွက်ပေါ်မှာ သုံးသပ်ပြီး အုပ်စုတွေခွဲပြီးဆုံးဖြတ်နေတာဟာ တကယ့်နိုင်ငံ ရေးအတွက် တော်တော်ကိုကွဲလွဲမှုတွေကို ဖြစ်စေတယ်''။

လက်ရှိအချိန်တွင် စစ်တပ်သည် မြန်မာ့နိုင်ငံရေးထဲ တွင် ပါဝင်ပတ်သက်နေသောကြောင့် နိုင်ငံရေးဆန်ဖို့တော့ လိုအပ်သည်ဟု ¤င်းကသတိပေးသည်။ အရပ်ဘက်နိုင်ငံရေး အင်အားစုများသည် ကိုယ့်အမြင်၊ ကိုယ့်အယူအဆများကို လူထုနှင့်ထိတွေ့ကာ ပြောဆိုဆက်ဆံမှုတွေ အမြဲတမ်းလုပ် လေ့ရှိသော်လည်း စစ်ဘက်ဆိုင်ရာများသည် အမြဲတမ်း လိုလို လုံခြုံရေးရှုထောင့်မှကြည့်ကာ တစ်ဖက်လူများ၏ ဆန္ဒသဘော ထားများကိုသာ သိရှိဖို့ ကြိုးစားကြသည်။

''တတ်နိုင်သလောက် သူတို့ရဲ့ဆုံးဖြတ်ချက်၊ သူတို့ရဲ့ သဘောထားဆိုရင် လျှို့ဝှက်ထားရမယ်၊ ထိန်းချုပ်ထားရ မယ်ဆိုတာ သူတို့ရဲ့လေ့ကျင့်သင်ကြားမှုကလာတာ။ သူက ရန်သူနဲ့ထိတွေ့တဲ့၊ တိုက်ခိုက်တဲ့သဘာဝကိုပဲ လေ့ ကျင့်ထားတဲ့အခါကျတော့ တကယ်လို့များ ကိုယ့်ဘက်က သတင်းထုတ်ပြန်တော့မယ်ဆိုရင်လဲ ရန်သူဘက်က သတင်း အမှားတွေရအောင်၊ ဝေဝါးသွားအောင်လုပ်ဖို့တို့ အစရှိ သဖြင့် စစ်ဘက်ဆိုင်ရာ ပရိယာယ်တွေအများကြီးရှိတယ်''ဟု ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်က ပြောသည်။


နှင်းကို ၊ မင်းအောင်ခိုင်
Yangon Media Group