နိုင်ငံတကာဖိအားလျော့ရန် နိုင်ကျဉ်းများကို အသုံးပြုနေဆဲဟု ဝေဖန်

ပို့စ်တင်ချိန် - 12/28/2013 05:20:00 PM


နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုကို နိုင်ငံတကာ၏ဖိအား လျှော့ချရေးအတွက် လက်နက်တစ်ခုအဖြစ် မြန်မာအစိုးရက ဆက်လက်သုံးစွဲနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် နိုင်ငံ ရေးအကျဉ်းသားများအရေး ဆောင်ရွက်သူများက ဝေဖန်လိုက်သည်။

အကျဉ်းထောင်များအတွင်းမှ နိုင်ငံရေးအကျဉ်းသားများ အပါအ၀င်အကျဉ်းသား ၉၃ ဦးအား သမ္မတ၏အမိန့်ဖြင့် ဧပြီလ ၂၃ ရက်ညနေတွင် အကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းနှင့် ပတ်သက်ပြီး ၎င်းက ကြိုဆိုလိုက်သော်လည်း အစိုးရနှင့် နိုင်ငံရေးအကျဉ်းသားများအရေး လှုပ်ရှားသူများ ဆွေးနွေးနေသည့် နိုင်ငံရေးအကျဉ်းသားများအား ဂုဏ်သိက္ခာရှိစွာ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော်သည့်ပုံစံမျိုး မဟုတ်ဘဲ ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းချိန်နှင့် ချိန်သားကိုက် လွှတ်ပေးသည့်ပုံစံဖြစ်ကြောင်း ဝေဖန်သူများကဆိုသည်။

““အဓိက က စီးပွားရေးပိတ်ဆို့မှု ရုပ်လို့ လွှတ်တယ်လို့ပဲ ကျွန်တော်တို့ထင်ပါတယ်။ မနေ့က အီးယူက စီးပွားရေးပိတ်ဆို့မှု ရုပ်လိုက်တာပေါ့။ အီးယူကို သူတို့ဘက်က တစ်ခုခုပြန်လုပ်ပေးတယ်ဆိုတဲ့ သဘော မျိုး သက်ရောက်နေတယ်”” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

ဧပြီ ၂၃ ရက် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်သူများက နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ထားသူ ၁၉ ဦးခန့်နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် ၄၀ ခန့်လည်း လွတ်မြောက်သည့်အထဲ တွင် ပါဝင်သည်။ သို့သော်လည်း လွတ်မြောက်ရန် တောင်းဆိုထားသူ အများအပြားကို ချန်လှပ်ထားဆဲဖြစ်ကြောင်း ဝေဖန်သူများက ဆိုသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်မြို့သို့ ရောက်ရှိချိန်တွင် ကိုလင်္ကျာထွန်းအပါအ၀င် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

အစိုးရဘက်မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအကျဉ်းသားများ အရေးဆောင်ရွက်သူများ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ဖေဖော်ဝါရီလအတွင်းက ဖွဲ့စည်းကာ ဆွေးနွေးနေသောကြောင့် အကျဉ်းထောင်များအတွင်း ရှိနိုင်ငံရေးအကျဉ်းသားများနှင့် ပြည်တွင်းစစ်ကြောင့် အကျဉ်းကျခံနေရသူများမှာ လွတ်မြောက်ရန် မျှော်လင့်ချက်ကြီးစွာ ထားနေကြကြောင်း နိုင်ငံရေးအကျဉ်းသားများ အရေးဆောင်ရွက်နေသူများက ပြောသည်။

အဆိုပါ ကော်မတီမှ လွတ်မြောက်ရန် ကျန်ရှိသေးသည့် အကျဉ်းသား ၃၆၀ ကျော်၏ အရေးနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းမှု များပြုလုပ်နေသော်လည်း ယခုတစ်ကြိမ် လွှတ်ပေးမှုမှာ ကော်မတီအတွင်း တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံရေး အကျဉ်းသားဖြစ်မှု သတ်မှတ်ထားသည့် စံနှုန်းနှင့်မဟုတ်ဘဲ မည်သည့် စံနှုန်းဖြင့်လွှတ်ပေးကြောင်းပင် မသိရကြောင်း အဆိုပါကော်မတီအဖွဲ့ ၀င်များက ပြောသည်။

““မူတစ်ခုနဲ့ စနစ်တကျ လွှတ်ပေးတာမဟုတ်ဘူး။ အရင်ပုံစံအတိုင်းပဲ ဘာမှမပြောင်းလဲဘူး။ သူတို့ လွှတ်ချင်တဲ့သူတွေ လွှတ်တယ်”” ဟု ယင်းကော်မတီဝင် ဦးဘိုကြည်က ပြောသည်။

အဆိုပါကော်မတီကို ရည်ညွှန်းပြီး နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောရာတွင်လည်း နိုင်ငံရေးဟူသည့်အသုံးအနှုန်းကို ထည့်သွင်းခြင်းမရှိဘဲ လက်ကျန်အကျဉ်းသားများ စိစစ်ရေးကော်မတီဟုသာ မကြာခဏသုံးစွဲခြင်းအပေါ် စိတ်ပျက်မိကြောင်း ယင်းကော်မတီမှ အဖွဲ့ဝင်အချို့က ပြောသည်။

ရေဒီယိုမိန့်ခွန်းဆိုသည်မှာ ပြောကြားသူက တိုက်ရိုက်အသံသွင်းပြောကြားသော ပြောစကား ဖြစ်သည့်အတွက် အချို့အသုံးအနှုန်းများမှာ စာစကားနှင့် ကွဲပြားမှုရှိနိုင်ပါကြောင်း၊ အရေးကြီးသည်မှာ ပြောကြားသည့် မိန့်ခွန်းအနှစ်သာရဖြစ်ကြောင်း၊ မိန့်ခွန်းကို သုံးသပ်မည်ဆိုလျှင် ပြောစကားနှင့် စာစကားကွာခြားမှုတွေကို အပြစ်ရှာထောက်ပြသည်ထက် မိန့်ခွန်းတစ်ခုလုံးက မည်သည့်သတင်းစကားကို ပေးသည်ဆိုသည်ကို သုံးသပ်ခြင်းက ပိုပြီး လက်တွေ့ကျ၊ အဓိပ္ပာယ်ရှိမည်ဟု ထင်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ယင်းကိစ္စနှင့် ပတ်သက်ပြီး မတ်လအတွင်းက 7Day သို့ အီးမေးလ်ဖြင့် ဖြေကြားရာတွင် ထည်သွင်းဖြေကြားခဲ့သည်။

7 Day Daily