တောင်သူလယ်သမားများ ဆက်လက် ဆင်းရဲနေကြမည် ဖြစ်ပါက နိုင်ငံလည်း ဆင်းရဲနေမည်ဖြစ်ပြီး လူနည်းစု လူတစ်စုသာ ချမ်းသာနေရုံဖြင့် နိုင်ငံတိုးတက် လာသည်ဟု မဆိုနိုင်ကြောင်း လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင် ပြောကြား

ပို့စ်တင်ချိန် - 12/28/2013 05:04:00 PM


တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဒုတိယနေ့ညှိနှိုင်း အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် မူလအခြေခံစိုက်ပျိုး၊ မွေးမြူကြသည့် တောင်သူလယ်သမားများ ဆက်လက် ဆင်းရဲနေကြမည် ဖြစ်ပါက နိုင်ငံလည်း ဆင်းရဲနေမည်ဖြစ်ပြီး လူနည်းစု လူတစ်စုသာ ချမ်းသာနေရုံဖြင့် နိုင်ငံတိုးတက် လာသည်ဟု မဆိုနိုင်သည့်နည်းတူ ကမ္ဘာ့နိုင်ငံများ အလယ်တွင်လည်း အဖက်ဖက်မှ မျက်နှာငယ်နေ ရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဒုတိယနေ့ ညှိနှိုင်းအစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။
''နေ့စဉ်နေ့အမျှ ကြုံတွေ့ကြားမြင် နေကြရသည့် လယ်ယာလုပ်ငန်းခွင်ကို စွန့်ခွာပြီး၊ မြို့ပြတွင်ရရာ ကျပန်းအလုပ်များဖြင့် ၀မ်းစာအတွက် ရွှေ့ပြောင်း အလုပ်ရှာဖွေ လုပ်ကိုင်နေကြသူများ၊ ပြည်ပနိုင်ငံများသို့ နေ့စဉ်နေ့အမျှ ရင်ဆိုင်ကြုံတွေ့ နေကြရသော အခက်အခဲ ပြဿနာများ အကြားမှာပင် အောက်ကျ နောက်ကျ လုပ်သားများ Migrate Workers အဖြစ် ရွှေ့ပြောင်း အလုပ်သမားများ၏ ဘ၀သည် တိုင်းပြည်၏ စိတ်မချမ်းမွေ့ဖွယ်ရာ ပုံရိပ်များပင် ဖြစ်ပါသည်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။
ဆက်လက်၍ ပြောကြားရာတွင် ''နိုင်ငံ၏ အမျိုးသား အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး လယ်ယာကဏ္ဍသည် ၃၅ ရာခိုင်နှုန်းမျှ ပါဝင်လျက်ရှိနေပြီး ပြည်ပသို့ တင်ပို့ရောင်းချနေသည့် တင်ပို့ကုန်များမှာလည်း သဘာဝ သယံဇာတများနှင့် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများသာ ဖြစ်ပါသည်။ မည်သည့် စက်မှုလုပ်ငန်းကမှ ထုတ်လုပ်သည့် ထုတ်ကုန်တို့မှာ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်သည့်အဆင့် အရည်အသွေးအားဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးကြောင်း ၀န်ကြီးက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ''၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သော်လည်းကောင်း၊ အဆိုပါဥပဒေ ပြဌာန်းထားသော ပုဒ်မတစ်ခုချင်းစီတွင် လည်းကောင်း၊ ဦးဆောင်အဖွဲ့အား ပေးအပ်ထားသော တာဝန်များကို လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ပေးကြခြင်း ဖြင့်သာလျှင် အခြေခံ တောင်သူလယ်သမားများ၏ အကျိုးစီးပွား လက်တွေ့ဘ၀ကို အမှန်တကယ် မြှင့်တင်ဖော်ဆောင် ပေးနိုင်ကြမည် ဖြစ်ကြောင်းနှင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ၏ အနှစ်အရသာ ရှိမှုနှင့် တောင်သူလယ်သမားများနှင့် နိုင်ငံသား အားလုံးအတွက် အလွန်ပင် အရေးကြီးသော လက်တွေ့အလျင်အမြန် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း'' ပြောကြားခဲ့သည်။
eleven media group