စိတ်ကူးထဲက ရွှေရောင်အိပ်မက်များ

ပို့စ်တင်ချိန် - 12/28/2013 03:26:00 PM



(Written by ကိုသိန်း (ကျောက်ကြီး) )

လူတိုင်းလူတိုင်း ကိုယ်စီကိုယ်င ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ စိတ်ကူးအိပ်မက်တွေ ရှိကြမှာပါ။ ကျောင်းသူ၊ ကျောင်းသားလူငယ်၊ လူရွယ်များက မိမိတို့ရဲ့ ဘ၀တစ်ဆစ်ချိုးအတွက် ဂုဏ်ရည်မြင့်မားလှတဲ့ဘွဲ့၊ ဒီဂရီတွေကို စိတ်ကူးပြီး ရည်ရွယ်ချက် ထားကြသလို အချိန်တန် အရွယ်ရောက်ကြတဲ့ လူငယ်မောင်မယ်များကလည်း ပြီးပြည့်စုံတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်ကြဖို့ စိတ်ကူးရွှေရောင် အိပ်မက်ကလေးတွေ ကိုယ်စီထားကြမှာပါပဲ။ ထို့အတူ အိမ်ထောင်ကျပြီး သူများကလည်း မိမိတို့မွေးဖွားလာတဲ့ သားသမီးတွေအတွက် စိတ်ကူးထဲက ရွှေရောင်အိပ်မက်ကလေးတွေ မက်နေကြမှာကတော့ သေချာလှပါတယ်။

ထို့အတူပါပဲ လူတွေဟာ ကိုယ့်ရဲ့မိသားစုအတွက် စိတ်ကူးအိပ်မက်တွေ ထားရှိသလို ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့အသိုင်းအ၀ိုင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေအတွက် ရွှေရောင်အိပ်မက် စိတ်ကူးတွေ ရှိနေကြမှာလည်း ပြောစရာလိုမယ် မထင်ပါဘူး။ ဒီနေ့ဒီအချိန်အခါလို ပွင့်လင်းထင်သာမြင်သာရှိလာတဲ့ အခြေအနေမျိုးမှာ ပိုပြီးတော့ နှိုင်းယှဉ်ဖော်ပြစရာတွေ များလာလေ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် ပိုပြီးဖြစ်စေချင်တဲ့ ဆန္ဒတွေ များလာကြတာဟာဖြင့် ဂုဏ်ယူစရာ အနေအထားတွေပါပဲ။ ဒါကြောင့်မို့လည်း ပြည်သူတွေ လက်ရှိရင်ဆိုင် ကြုံတွေ့နေကြရတဲ့ အခက်အခဲ အကျပ်အတည်းတွေကြားက လွတ်မြောက်အောင် ၀ိုင်းဝန်းပြီး ကိုယ့်ထမင်းကိုယ်စား ကိုယ်ကျိုးစွန့် အနစ်နာခံနေကြတဲ့ ပုဂ္ဂိုလ်တွေကို သမိုင်းကမော်ကွန်း ထိုးပေးမှာ အမှန်ပါပဲ။

လူဆိုတဲ့ သတ္တ၀ါတွေက အတ္တနဲ့ ပရယှဉ်လာရင် အတ္တကြီးသူတွေဟာ ခပ်များများပါ။ အတ္တကြီးမားသူတွေက တင်းတိမ်ရောင့်ရဲမှုဆိုတာ ဘာမှန်းမသိကြဘဲ လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေ ရလာတိုင်း လောဘကို အတောမသတ်နိုင်ကြလို့ ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် နေ့စဉ်ဒုက္ခနဲ့ ရင်ဆိုင်နေကြရတာပါ။ ပရဟိတသမားတွေက ဆင်းရဲဒုက္ခရောက်နေရှာတဲ့ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားတွေအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က တစ်ပိုင်တစ်နိုင် အကျိုးပြုလုပ်ငန်းတွေ လုပ်နေတာကိုတောင် ကိုယ်ကျိုးအတ္တကြီးမားသူတွေက သူတို့တွေရဲ့ ယှဉ်ပြိုင်ဖက်တွေလို သဘောထားပြီး နိမ့်ကျလှတဲ့ စိတ်ထားတွေနဲ့ မုဒိတာမပွားနိုင်ကြတာ၊ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေမှ ဟုတ်ရဲ့လားလို့တောင် ထင်မြင်စရာတွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပရဟိတ သမားတွေကတော့ သူတို့ရဲ့ ပြည်သူတွေနဲ့ နိုင်ငံတော်အပေါ် ထားရှိတဲ့ စိတ်ကူးထဲက ရွှေရောင်အိပ်မက်တွေကို ဆက်ပြီးအကောင်အထည် ဖော်နေကြမှာကတော့ သေချာလှပါတယ်။

ပြီးခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတုန်းကလည်း ပြည်သူအများစု (စာရေးသူအပါအ၀င်) ဟာ မိမိတိုင်းပြည်၊ မိမိတို့ ပရိသတ်ရှေ့မှောက်မှာ ယှဉ်ပြိုင်ရမှာဖြစ်တဲ့ ဘောလုံးအားကစား ပြိုင်ပွဲတွေအပေါ် ရွှေရောင်အိပ်မက်တွေ မျှော်လင့်ခဲ့ကြပါတယ်။ ဒီအခြေအနေ ဒီအနေအထားတွေဟာလည်း ပြည်သူတွေ မျှော်လင့်မယ်ဆိုရင် မျှော်လင့်စရာတွေပါပဲ။ ဒါပေမဲ့လည်း ဘောလုံးအားကစားနည်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ကြိုတင်ပြင်ဆင်မှု၊ နည်းဗျူဟာနဲ့ ကံအကြောင်းတရားတွေကြောင့် စာရေးသူတို့ ပြည်သူတွေ စိတ်ကူးထဲက ရွှေရောင်အိပ်မက်တွေနဲ့ဝေးပြီး မခံရပ်နိုင်ဖြစ်မှု၊ ပေါက်ကွဲမှု၊ ရင်နာမှုတွေနဲ့သာ ကြုံဆုံခဲ့ကြရပါတယ်။ နှစ်ပေါင်းလေးဆယ်ကျော်မှ ကျင်းပခွင့်ရခဲ့တဲ့ အခွင့်အရေး တစ်ခုအပေါ် ပြည်သူအများစုကို ပျော်ရွှင်မှု အပြည့်အ၀ မပေးနိုင်တာဟာ ကံတရားကို ပုံချလို့တော့ မသင့်လျော်လှပါဘူး။

စာရေးသူဟာ စနေ၊ တနင်္ဂနွေတိုင်း ထုတ်လွှင့်ပြသနေတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်နဲ့ စပိန်လာလီဂါ အပါအ၀င် ပြင်သစ်နဲ့ အီတလီနိုင်ငံ အသီးသီးမှာ ကျင်းပနေတဲ့ ဘောလုံးပွဲတွေကို အပတ်စဉ်ကြည့်ပြီး ပျော်ရွှင်စွာ အားပေးနေကြတဲ့ ဘောလုံးပွဲတွေကိုကြည့်ပြီး စိတ်ကူးယဉ် အားကျနေမိပါတယ်။ ငါတို့နိုင်ငံမှာလည်း အဲ့ဒီလို ပျော်ရွှင်ကြည်နူးစရာ ကောင်းလှတဲ့ ပြိုင်ပွဲမျိုးတွေကို ငါတို့ပြည်သူတွေ စနေ၊ တနင်္ဂနွေနေ့တိုင်း ကြည့်ရှုခွင့်ရကြရင် ဘယ်လောက်ကောင်းလိုက်မလဲဆိုပြီး အစားထိုး ခံစားမိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ပျော်ရွှင်မှုတွေနဲ့ ပတ်သက်လာရင် ကျိန်စာတွေ မိထားသလားလို့တောင် ထင်မြင်မိပါတယ်။ နှစ်ပေါင်းများစွာကြာမှ ကျင်းပခွင့်ရခဲ့တဲ့ ပြိုင်ပွဲမှာတောင် ပျော်ရွှင်မှုတွေအစား စိတ်ထိခိုက်ခံစားမှု ပုံရိပ်တွေက လွှမ်းမိုးခဲ့ပါတယ်။

ပြည်သူအများစုဟာ ပျော်ရွှင်မှုတွေနဲ့ ပတ်သက်လာရင် သနားစရာ သတ္တ၀ါတွေပါပဲ။ နိုင်ငံတကာကလာပြီး ကျင်းပတဲ့ ဖြေပျော်ပွဲတွေ၊ ပြည်တွင်းရှိုးပွဲတွေ မဆိုထားနဲ့ ရုပ်ရှင်ရုံကြီးတွေမှာ ပြသနေတဲ့ ရုပ်ရှင်တွေကိုတောင် နပ်မှန်အောင် မကြည့်နိုင်ကြပါဘူး။ ပျော်ပွဲစားထွက်တာတို့၊ Over Sea သွားတာတွေဆို ဝေလာဝေးပေါ့။ သူတို့တွေနဲ့ မဆိုင်သလိုပါပဲ။ စားဝတ်နေရေး၊ အရေးသုံးပါးအတွက် နေ့ရောညပါ လုံးပမ်းနေကြရတာနဲ့ (အဲ့ဒီလိုဖြစ်အောင်လည်း တမင်အကွက်ချ စီမံထားတာလည်း ဖြစ်နိုင်ပါတယ်) အချိန်တွေ ကုန်ဆုံးနေကြတာပါ။ မိမိတို့လုပ်သလောက် အကျိုးခံစားခွင့်ကမရ။ ရပြန်တော့လည်း ၀င်ငွေနဲ့ထွက်ငွေက မမျှတဖြစ်နေကြပြန်တော့ မိမိတို့ရဲ့ စိတ်ကူးရွှေရောင် အိပ်မက်မဆိုထားနဲ့ အိမ်လခနဲ့ မနက်၊ ည ထမင်းနပ်မှန်အောင် မပေးနိုင်၊ မစားနိုင်တဲ့ ဘ၀တွေက ခပ်များများပါ။ ဒါတွေကို တာဝန်ရှိသူတွေ အနေနဲ့ မသိချင်ယောင် ဆောင်နေရမယ့်အချိန် မဟုတ်တော့ပါဘူး။

တကယ်တော့ လက်ရှိအစိုးရ ချမှတ်ထားတဲ့ ပြည်သူကို ဗဟိုပြုရမယ်ဆိုတဲ့ မူဝါဒကို လက်တွေ့အကောင်အထည် မဖော်နိုင်တာက အဓိက အချက်ပါပဲ။ ဘာတွေပဲ အကောင်အထည်ဖော်ဖော် ပြည်သူအများရဲ့ ဆန္ဒမပါဘဲနဲ့ အရင်စနစ်ဟောင်းအတိုင်း လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ကိစ္စတွေဟာ အဓိက မှားယွင်းနေတဲ့ အချက်တွေပါပဲ။ သမ္မတ အပါအ၀င် လွှတ်တော်အဖွဲ့အစည်း အသီးသီးက ဘယ်လိုပင်ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်ထားနေပေမယ့် အောက်ခြေအဆင့်မှာ လက်တွေ့အကောင်အထည် ဖော်နေကြတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ ယခင်စနစ်ဟောင်း ပုံစံအတိုင်း လက်ခံကျင့်သုံး နေသရွေ့တော့ ပြည်သူတွေကို ဗဟိုပြုရမယ်ဆိုထားတဲ့ မူဝါဒတွေဟာ လေထဲတိုက်အိမ်ဆောက်နေသလို ဖြစ်နေဦးမှာပါပဲ။

တကယ်တမ်းကျတော့ ပြည်သူတွေဟာ နိုင်ငံရေးနဲ့ပတ်သက်ပြီး အမြင်ကြွယ်ဝမှု မပြည့်စုံသေးပါဘူး။ နှစ်ပေါင်းများစွာ အကြောက်တရားတွေနဲ့ ယဉ်ပါးလာခဲ့ကြတော့ (ယခုထက်ထိလည်း နယ်တွေမှာ အာဏာပိုင် အဖွဲ့အစည်းအပေါ် အကြောက်တရားတွေ ရှိနေကြပါသေးတယ်) နိုင်ငံရေးဆိုတာနဲ့ မရင်းနှီးကြတာဟာလည်း အဆန်းတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့လည်း NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ပြည်သူတွေ နိုင်ငံရေးနဲ့ ယဉ်ပါးအောင် အကြောက်တရားတွေက ကင်းဝေးအောင် ကြိုးပမ်းဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ပြည်သူအများစုကလည်း သူတို့တွေ ဆင်းရဲတွင်းကနေ လွတ်မြောက်အောင်၊ မျက်စိ၊ နားတွေပွင့်အောင် နိုင်ငံတော်ရဲ့ အသီးအပွင့်တွေ အကျိုးအမြတ်တွေကို လက်တွေ့ကျကျ ခံစားနိုင်အောင် နိုင်ငံတကာက အခွင့်အရေး၊ အခွင့်အလမ်းတွေ အမှန်တကယ် ရရှိနိုင်အောင် ဆောင်ကြဉ်းပေးနိုင်သူဟာ ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး ဘယ်သူမှ မရှိနိုင်ဘူးလို့ ယုံကြည်နေကြပြီး သူတို့ရဲ့ စိတ်ကူးထဲက ရွှေရောင်အိပ်မက်တွေဟာလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခေါင်းဆောင်ဖြစ်လာဖို့ အရေးပါပဲ။

ပြည်သူတွေရဲ့ စိတ်ကူးထဲက ရွှေရောင်အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ အဓိကအချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်လို့ လွှတ်တော်မှာ အဆိုတင်သွင်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေအထား ဖြစ်ပါတယ်။ အာဏာရပါတီရဲ့ တင်သွင်းထားတဲ့အဆိုနဲ့ ပတ်သက်ပြီး အချိန်အခါအညီ လက်တွေ့ကျကျ ပြည်သူတွေနဲ့ ပါတီအသီးသီးက လိုလားတဲ့၊ တိုင်းပြည်နဲ့ အများပြည်သူ အကျိုးရှိမယ့် ဥပဒေပုဒ်မတွေကို လက်တွေ့ကျကျ ပြင်ဆင်ရေးဟာလည်း အဓိကကျတဲ့ အချက်တွေထဲမှာ ပါဝင်နေပါတယ်။ လွှတ်တော်အထက်မှာ ဘယ်သူမှ မရှိဘူးဆိုရင်တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းဟာ မဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ အတိုက်အခံ ပါတီတွေက ၂၀၀၈ ခုနှစ် အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အနေအထားတွေဟာလည်း ပြည်သူတွေရဲ့ စိတ်ကူးထဲက ရွှေရောင်အိပ်မက်တွေကို အကောင်အထည် ပေါ်လာစေမယ့် အခြေအနေတွေပါပဲ။

မည်သို့ပင်ဆိုစေကာမူ ပြည်သူတွေဟာ ဖြောင့်မတ်မှန်ကန် မယိမ်းမယိုင်တဲ့ မဏ္ဍိုင်ကြီးသုံးရပ် ပေါ်ထွန်းလာဖို့ ရွှေရောင်အိပ်မက်တွေ ရှိနေကြသလို မိမိတို့လုပ်သလောက် မိမိတို့ အကျိုးခံစားခွင့်တွေ ရရှိကြပြီး တရားသဖြင့်မျှတတဲ့ လုပ်ပိုင်ခွင့်တွေ ရလိုကြပါတယ်။ ထို့အတူ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခတွေ ကင်းဝေးပြီး လူမျိုးပေါင်းစုံ အေးအတူပူအမျှ စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ နိုင်ငံအဖြစ် ရောက်ရှိလာဖို့ ရွှေရောင်အိပ်မက်တွေမက်ပြီး မျှော်လင့်နေကြတာပါ။ သို့ဖြစ်၍လည်း တိုင်းပြည်နဲ့ပြည်သူတွေရဲ့ အကျိုးကို လိုလားတဲ့ အမြော်အမြင်ကြီးမားတဲ့ နိုင်ငံခေါင်းဆောင်များ အနေနဲ့ ပြည်သူအများစုရဲ့ သဘောထားအမှန်တွေကို နားထောင်ပြီး ၂၀၁၄ ခုနှစ် နှစ်သစ်အခါသမယမှာ စိတ်သစ်၊ လူသစ်၊ မူသစ်တွေနဲ့အတူ ပြည်သူတွေရဲ့ စိတ်ကူးထဲက ရွှေရောင်အိပ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုလျက်။

eleven media group