ရန်ကုန်ဘူတာကြီးရှိ စခန်းသာဟိုတယ် ပုဂ္ဂလိက ကုမ္ပဏီကို ငှားရမ်း

ပို့စ်တင်ချိန် - 12/28/2013 12:17:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရန်ကုန်မြို့တော် ရှေးဟောင်း အဆောက်အအုံများတွင် ပါဝင်သော ရန်ကုန် ဘူတာကြီးဝင်း အတွင်းရှိ မြန်မာ့ မီးရထားပိုင် စခန်းသာဟိုတယ် နေရာကို တစ်လလျှင် ကျပ် ၁၂၈ သိန်းဖြင့် Myanmar Survey Research (MSR) ကုမ္ပဏီက ငှားရမ်းခွင့် ရရှိသွားကြောင်း မြန်မာ့မီးရထား တိုင်းအမှတ် (၇) ရုံး (စီးပွားရေး/တိုင်း) မန်နေဂျာ ဦးစိုးမိုးအောင်က ပြောကြားသည်။

တင်ဒါ အောင်မြင်သွားသော ကုမ္ပဏီသည် အဆောက်အအုံ ပြင်ဆင်ရန် တစ်လအချိန်ရမည် ဖြစ်ပြီး သုံးနှစ်စာချုပ်ဖြင့် ငှားရမ်းခွင့် ရရှိခြင်း ဖြစ်ကြောင်း၊ စာချုပ်သက်တမ်း တစ်နှစ်ပြည့်တိုင်း တင်ဒါ အောင်ဈေးနှုန်း၏ ၁၅ ရာခိုင်နှုန်းကို ထပ်မံ တိုးမြှင့်ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကြမ်းခင်းဈေး ၅၃ သိန်းရဲ့သုံးဆနီးပါးလောက်နဲ့ အောင်သွားတာ။ အိတ်ပိတ်ပြီးပေးတဲ့ခေတ် မဟုတ်တော့ဘူး။ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်တဲ့ခေတ်” ဟု ၎င်းကဆိုသည်။

အခန်းပေါင်း ၁၀ ခန်း ပါရှိသည့် အဆိုပါ နှစ်ထပ် အဆောက်အအုံကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ တင်ဒါလျှောက်ထားခွင့် ကြေညာထားပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တင်ဒါ ရွေးချယ်ရာ MSR ကုမ္ပဏီက ရရှိသွားခြင်း ဖြစ်ကြောင်း တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီထံမှ သိရသည်။

ရှေးဟောင်း အဆောက်အအုံ တစ်ခုဖြစ်သည့် ဒဂုံမြို့နယ် သံတမန်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အအုံဟောင်းကို ပုဂ္ဂလိကက ငှားရမ်း လုပ်ကိုင်ခဲ့ပြီးနောက် June X1 Business Centre အဖြစ် ရုံးခန်းများ ဖွင့်လှစ်ထားသည်။ ယင်းစင်တာမှ ရုံးခန်းများကို အဆိုပါ မြို့နယ်အတွင်းရှိ အခြားရုံးခန်းများ၏ ပေါက်ဈေးထက် မြင့်သော နှုန်းထား များဖြင့် ငှားရမ်းသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

The Voice Weekly Myanmar