တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆက်ဆွေးနွေးဖို့ ဦးအောင်မင်း ချင်းမိုင်ရောက်ရှိ

ပို့စ်တင်ချိန် - 12/28/2013 08:15:00 PM


တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အဖွဲ့ဝင် ၁၈ ယောက်ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့ မနေ့ညနေပိုင်း က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လေကြောင်းခရီး နဲ့ ရောက်ရှိလာပါတယ်။

ချင်းမိုင်မြို့ကိုရောက်ရှိလာတဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာန MPC က တာဝန်ရှိပုဂ္ဂိုလ် ဦးညိုအုန်းမြင့်က RFA ကို အခုလို ပြောဆိုပါတယ်။

"အဓိကတော့ ကျနော်တို့ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားတွေဘက်ကဖွဲ့ထားတဲ့ အလုပ်အဖွဲ့နဲ့ ကျနော်တို့တွေ့ဆုံဖို့အတွက်က ပထမတစ်ခေါက်ကလည်း ရန်ကုန်မှာ လုပ်ပါတယ်ခင်ဗျ၊ ရန်ကုန်မှာလုပ်ပြီးတော့ ဒီဘက်ကို ၀န်ကြီးနဲ့အဖွဲ့ကို လာဖို့အတွက် သူတို့ဖိတ်ထားပါတယ်၊ အဲ့ဒီအတွက်ကြောင့် ဒီလိုအပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်လို့ရအောင် ကျနော်တို့လာတာပါခင်ဗျ၊ ကျနော်တို့ ညှိနှိုင်းရေးက  အမြဲတမ်းဦးဆောင်တဲ့ဟာကတော့ ၀န်ကြီး ဦးအောင်မင်းပါ၊ နောက် လ၀ကဝန်ကြီး ဦးခင်ရီ၊ နောက်တစ်ခါ နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချူပ် မောင်မောင်အုန်း၊ နောက် ရှေ့နေချူပ် ဦးထွန်းထွန်းဦး တို့လည်းပါပါတယ်၊ ကျန်တာကတော့ ကျနော်တို့ MPC အလုပ်အဖွဲ့က လူတွေချည်းပါပဲခင်ဗျ"

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြတာဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ၀န်ကြီး ဦးခင်ရီဟာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့အတူ နယ်စပ်ဒေသအခြေစိုက် လူထုအခြေပြု လူမှုအဖွဲ့အစည်းကလူတွေနဲ့တွေ့ဆုံပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမယ့် ကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုသွားဖို့ စီစဉ်ထားတယ်လို့ ဦးညိုအုန်းမြင့်က ပြောဆိုပါတယ်။

"အဓိကတော့ ကျနော်တို့ NCCT နဲ့ ထပ်ပြီးတော့ ဒီဘက်ကအစိုးရနဲ့ ကျန်တဲ့ကျနော်တို့ ကွန်ဆမ်းပါတီတွေပေါ့နော်၊ ကျန်တဲ့အဖွဲ့တွေရဲ့ သဘောထားကိုလည်း ကျနော်တို့ဒီဘက်မှာ ပြန်ပေးတာပါ။ ကျနော်တို့ အခုလောလောဆယ် သတ်မှတ်ထားတာကတော့ ၂၉  ရက်နေ့မှာ ကျနော်တို့ အလွတ်သဘောလုပ်ပါမယ်၊ ၂၉  ရက်နေ့ ပြီးတဲ့အခါကျရင် နောက်လ ၁၀ ရက်နေ့လောက်မှာ ဘားအံအစည်းအဝေးမတိုင်ခင်မှာ ကြိုပြီးတော့ အပြင်မှာ ညှိနှိုင်းဆွေးနွေးကြမယ်၊ လောလောဆယ်မှာ ဒီမြို့ရောက်တဲ့အခါကျရင် ကျနော်တို့ အမြဲတမ်းတွေ့လေ့ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ကတော့ အလွတ်သဘောတွေကတော့ အမြဲတမ်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ"

ကချင်ပြည်နယ် KIO ဌာနချူပ် လိုင်ဇာမြို့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ၁၃ ယောက်နဲ့ ဖွဲ့စည်းခဲ့တဲ့ NCCT အဖွဲ့ဝင်ခေါင်းဆောင်တွေဟာ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်မူကြမ်းနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက်ဆုံးသဘောတူထားတဲ့အချက်တွေကို ၀န်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ကို ပြန်ပြီးတင်ပြဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။
RFA Burmese