Ooredoo က မန္တလေးနှင့် နေပြည်တော်တွင် အလုပ်အကိုင်အခွင့်အလမ်းပွဲများ ပြုလုပ်ပေးမည်

ပို့စ်တင်ချိန် - 1/02/2014 12:15:00 AM



မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းကို မကြာမီလည်ပတ်တော့မည့် Ooredoo ကုမ္ပဏီက ၂၀၁၄ နှစ်ဆန်းပိုင်းတွင် မန္တလေးနှင့် နေပြည်တော်မြို့များ၌ အလုပ်အကိုင်နေရာများ ခေါ်ယူရေးကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ooredoo သည် ၎င်းတို့၏ ဒုတိယအကြိမ် အလုပ်အကိုင်အခွင့်အလမ်း ကျင်းပမည့်ပွဲကို မန္တလေးမြို့၌ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နှင့် နေပြည်တော်၌ ဇန်နဝါရီ ၂၆ ရက်နေ့များတွင် အသီးသီးပြုလုပ်သွားမည်ဖြစ်ပြီး ထိုနေ့များတွင် စိတ်ဝင်စားသူ မည်သူမဆို အလုပ်အကိုင်နေရာများအတွက် လျှောက်ထားနိုင်ကြမည် ဖြစ်သည်။

ကာတာနိုင်ငံအခြေစိုက် ယင်းမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီသည် မန္တလေးနှင့် နေပြည်တော်မြို့များတွင် နေထိုင်ပြီး ၎င်းတို့နှင့် လက်တွဲလုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများ၏ အလုပ်လျှောက်ထားမှုကိစ္စရပ်များ လွယ်ကူအောင် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ မန္တလေးမြို့များရှိ အလုပ်လျှောက်ထားကြမည့်သူများအနက် ရွေးချယ်ခံကြရမည့် မြန်မာနိုင်ငံသားများကို အဆိုပါ မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီက ဝယ်ယူသူများနှင့် ဆက်ဆံရေး အဆင်ပြေချောမွေ့မှုများရှိစေရန်အတွက် သက်ဆိုင်ရာ သင်တန်းများကိုလည်း ပို့ချပေးမည်ဟု Ooredoo က ဆိုသည်။

ယခုလက်ရှိအချိန်တွင် အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံသား ဝန်ထမ်းပေါင်း တစ်ရာဝန်းကျင်ကို ၎င်းတို့လျှောက်ထားခဲ့ကြသည့် ရာထူးများနှင့် တွဲဖက်ကာ အလုပ်အကိုင်များ ခန့်အပ်ထားပြီးဖြစ်ပြီး ၂၀၁၄ ခုနှစ်အကုန်တွင် ဝန်ထမ်းအရေအတွက် တစ်ထောင်ကျော်အထိ ခန့်အပ်နိုင်ရန် စီစဉ်နေသည်ဟု အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က ပြောသည်။

၎င်းတို့၏ ရေရှည်ဝန်ထမ်းခန့်အပ်ခြင်း စီမံကိန်းမှာ မြန်မာနိုင်ငံသား ဝန်ထမ်းငါးထောင် ဝန်းကျင်အထိ ခန့်အပ်နိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံသား ကိုးဆယ့်ကိုးရာခိုင်နှုန်းကို Ooredoo ကုမ္ပဏီဝန်ထမ်းများအဖြစ် ရွေးချယ်ခန့်အပ်ရန် ရှိနေပြီး ၎င်းတို့သည် ပြိုင်ဘက် Telenor နှင့်အပြိုင်အဆိုင် အလုပ်အကိုင်များကို ခေါ်ယူနေကြခြင်းဖြစ်သည်ဟု ပြည်တွင်း၊ ပြည်ပ သတင်းများက ဖော်ပြကြသည်။Ooredoo နှင့် ၎င်း၏ပြိုင်ဘက် ကုမ္ပဏီ Telenor တို့သည် လာမည့် ၂၀၁၄ ပထမခြောက်လပတ်အတွင်းတွင် လုပ်ငန်းများစတင် လည်ပတ်တော့မည် ဖြစ်သည်။


ယုဇနကိုကို
internetjournal