စိုက်ပျိုးစရိတ်ချေးငွေ သိန်းတစ်ရာကျော် လယ်မရှိဘဲ အုပ်ချုပ်ရေးမှူး ထုတ်ယူဟုဆို

ပို့စ်တင်ချိန် - 5/20/2014 03:10:00 PM



တိုက်ကြီး၊ မေ ၁၉

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဥက္ကံရွာမ ကျေးရွာအုပ်ချုပ်ရေးမှူးသည် လယ်မရှိဘဲ စိုက်ပျိုးစရိတ် ချေးငွေ သိန်းတစ်ရာကျော် ထုတ်ယူသည်ဟု ဆိုကာ သက်ဆိုင်ရာ ဌာနများသို့ ကျေးရွာတွင် နေထိုင်သူ ၁၀ ဦးခန့်က အမှုမှန် ပေါ်ပေါက်ရေးအတွက် တိုင်ကြားထားကြောင်း ဦးဆောင်သူ ဒေါ်ပုမက The Voice သို့ ပြောကြားသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးမှာ စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ယူကာ ၎င်းနှင့် ရင်းနှီးသူများကို ထုတ်ချေးနေသောကြောင့် တိုက်ကြီးမြို့နယ် လယ်ယာစိုက်ပျိုးရေး ဘဏ်မန်နေဂျာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တွင်းရှိ ပါတီ အသီးသီးကို တိုင်ကြားထားကြောင်း တိုင်းကြားထားသူများထံမှ သိရှိရသည်။

“အမှန်တကယ် လယ်လုပ်တဲ့ လယ်သမားတွေကြတော့ စိုက်ပျိုးစရိတ် ချေးငွေ အပြည့်အဝ မရကြဘူး။ ကျွန်မတို့ လယ်သမားတွေအတွက် အရမ်းနစ်နာကြတယ်” တိုင်ကြားသူ ဒေါ်ပုမက ပြောကြားသည်။

အဆိုပါ ချေးငွေကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများက ညှိနှိုင်းပေးမည်ဟု ဆိုသော်လည်း အချိန်ကြန့်ကြာနေကြောင်း၊ ယင်းကဲ့သို့ ညှိပေးမည် ဟူသော စကားမှာ ကျူးလွန်သူကို အားပေးနေပုံ ရကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်လည်း မိရိုးဖလာ လယ်လုပ်ငန်း လုပ်ကိုင်သူပါ။ ကျွန်တော့်မှာ ၁၀ ဧက၊ ကျွန်တော့် အဖေမှာ ၁၀ ဧကကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူတာပါ။ ကျန်တာ မသိပါဘူး။ တိုင်ရင်တော့ ရှင်းရမှာပါ။ အမူမှန် ပေါ်ပေါက်ခဲ့ရင် ကျွန်တော့်သိက္ခာအရ အသရေဖျက်မှုနဲ့ ပြန်တရားစွဲမှာ” ဟု ဥက္ကံမြို့ ဥက္ကံရွာမ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ တိုင်ကြားသူနှင့် တိုင်ကြားခံရသူကို ခေါ်ယူစစ်ဆေးမှုများကို ဆောင်ရွက်လျက် ရှိကြောင်း၊ အမှုမှန် ပေါ်ပေါက်ပါက တိုင်းဒေသကြီး၏ အမိန့်အရ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် လယ်ယာစိုက်ပျိုးရေး ဘဏ်မန်နေဂျာ ဦးမောင်မောင်ဆွေက ပြောကြားသည်။

လယ်သမားများအနေနှင့် စိုက်ပျိုးစရိတ်ချေးယူရာတွင် ရိုးသားပွင့်လင်းရန် လိုအပ်ကြောင်း၊ အချို့ မရိုးသားသည့် လယ်သမားများက စိုက်ပျိုးနိုင်ခြင်း မရှိသော မြေဧကများကို သက်ဆိုင်ရာ အချို့နှင့် ပူးပေါင်းကာ စိုက်ဧကတင် ငွေလိမ်ထုတ်ခြင်းများ ပြုလုပ်ခဲ့ပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အကျိုးရလဒ်ကို ပြည်သူတစ်ရပ်လုံးသာ ခံစားရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ် ချေးယူမှုတွင် မသမာမှုများ ဖြစ်ပေါ်လာပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးနေဇာလင်းက သုံးသပ် ပြောကြားသည်။

The Voice Weekly