သရုပ်ဆောင် အောင်ရဲလင်းနဲ့ သူ့ရဲ့ ဆံပင်၊ မိတ်ကပ် ပညာရှင် မထက် (Pop Soul) တို့ရဲ့ စိတ်ကူးပုံဖော်မှု

ပို့စ်တင်ချိန် - 5/20/2014 01:54:00 PM


ပေါ်ပြူလာ ဂျာနယ်ရဲ့ ၁၇ နှစ်ပြည့် အကြို အနေနဲ့ မျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးမှု အတွက် အခုနှစ်ထဲမှာ သတင်း မီဒီယာ စာမျက်နှာ ထက်ကနေ မိမိ ရဲ့ဂေးဘဝ နဲ့ လိင်ပြောင်း လဲမှု ကို ရဲဝံ့ ပွင့်လင်းစွာ ထုတ်ဖော် ပြောကြားခဲ့ပြီး လူသိ ထင်ရှားဖြစ်လာခဲ့သူ မထက်(Pop Soul)နဲ့ အောင်ရဲလင်း တို့ကို ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။

ရုပ်ရှင်ပရိသတ်တွေကို အမြဲတမ်း အမြင်ဆန်းစေချင်သူ သရုပ်ဆောင် အောင်ရဲလင်း အပါအဝင် ရုပ်ရှင်၊ ဂီတနဲ့ အနုပညာ နယ်ပယ် အသီးသီး က အနုပညာရှင်တွေ နဲ့ အတွဲ ညီစွာ အနုပညာ လုပ်ငန်းတွေ တွဲဖက် လုပ်ကိုင်နေတဲ့ အတွက် သရုပ်ဆောင် ပိုင်းနဲ့ ဆံပင် မိတ်ကပ် ပညာ ပေါင်းစပ်ခြင်းရဲ့ အကျိုး ရလဒ်ခံစား မှု အောင်မြင်မှု အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

အောင်ရဲလင်း – “မထက်နဲ့က လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းက စပြီးတော့ ဆံပင်၊ မိတ်ကပ်တွေ လုပ်ဖြစ်တယ်။ မထက် က အိုင်ဒီယာ လည်းကောင်းတယ်။ ကျွန်တော် အခုနောက်ပိုင်း ဆံပင်တွေ အကုန်လုံးကို သူပဲ လုပ်ပေးတယ်။ ပရိသတ် ကို မရိုးသွားအောင် အမြင်ဆန်းလေးတွေ ကို ပြသချင်တယ်။ မထက် နဲ့လက် တွဲပြီး ပုံစံပြောင်းတဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ် တခြား တစ်ယောက်ဖြစ်သွား သလိုကို ခံစားရတယ်။ ပြီးတော့ အတူတူ စဉ်းစားပြီးတော့ ဇာတ်နဲ့လိုက်မယ့် ပုံစံမျိုးကို လုပ်ပေး တယ်။ ပရိသတ် ရဲ့ အားပေးမှု ကိုလည်း ရလာတယ်။ ကြည့်လိုက်ရင် အမြဲတမ်း ဆန်းသစ်နေတာကို ကျွန်တော် ကိုယ်တိုင်ကလည်း သဘော ကျတယ်။ မထက် ကလည်း ကျွန်တော်ကို နားလည်တယ်။ ကျွန်တော် လိုချင်တဲ့ ဆံပင်ပုံစံ၊ ကျွန်တော့် စိတ်ကို သူသိတယ်။ ကျွန်တော့် အကြိုက်ကိုလည်း သူလုပ်ပေးတယ်။ အဲဒီ အတွက်ကြောင့် ကျွန်တော့် အလုပ်နဲ့ ပတ်သက်ပြီး တအားကို အထောက် အကူဖြစ်တယ်။ ပြောင်းလဲမှုတွေကို ကိုယ်တိုင် ကလည်း နှစ်သက်တဲ့ အတွက် နောက်ပိုင်း မှာလည်း မထက်နဲ့ အလုပ် တူတူတွဲပြီး လုပ်သွားမှာပါ”

မထက် (Pop Soul)- “အောင်ရဲလင်းနဲ့စပြီး လက်တွဲ လုပ်ဖြစ်တာကတော့ တစ်နှစ်ခွဲကျော် နှစ်နှစ်လောက် ရှိသွားပြီ။ မှတ်မိ သလောက်ဆို ရေခဲရိုက် အပြုံး က စပြီး သူ့ ကို ဆံပင်ရော၊ မိတ်ကပ်ရော စပြီး လုပ်ပေးဖြစ်တယ်။ မင်းသား က တော့ သူ့ကိုပဲ ကိုယ်က စပြီး ညှပ်ပေးဖြစ်တာမို့ ဘယ်သူ့ကိုမှ ထပ်ပြီး မညှပ်ပေးဖြစ် ဘူး။ သူက ပရိသတ် အမြင်ရိုးသွားမှာကိုလည်း စိုးရိမ်တဲ့ အတွက်ကြောင့် မထက် တို့နှစ်ယောက် အတတ်နိုင်ဆုံး ကြိုးစားပြီး ပုံစံမထပ်အောင် လုပ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ဆိုရင် ကိုရီးယား ဆံပင်ပုံစံတွေ၊ ဂျပန် ပုံစံတွေပြောင်းပေး၊ လုပ် ပေးဖြစ်တာ များတယ်။ ဒီနှစ်ကျတော့ အနောက်တိုင်းပုံ ရိုးရိုးရှင်းရှင်း တိုတို လေးတွေ တစ်ဆင့်ချင်း တစ် ဆင့် ပြန်ဝင် လာတာ ဆိုတော့ သူ့ကို ဇာတ်ကားနဲ့ လိုက်တဲ့ ဆံပင်ပုံစံ၊ ဆံပင် အရောင်လေးတွေ ပြောင်းပြီး လုပ်ပေးဖြစ်တယ်။ သူကလည်း ပြောင်းလဲမှုကို ကြိုက်တဲ့ သူဖြစ်တဲ့ အတွက် တစ်ယောက် ကို တစ်ယောက်လည်း အလုပ်လုပ်တဲ့ အခါနားလည် မှုတွေ ရှိလာတဲ့ အတွက် ပိုပြီး အဆင်ပြေလာတယ်။ သူ လုပ်ချင်တဲ့ ပုံစံကိုပဲ ကိုယ် က ထပ်ပြီးတော့ ကိုယ့်ရဲ့ ပညာ နဲ့ပေါင်းပြီး လုပ်ပေးဖြစ်တယ်”

လွင်လွင်ထွန်း

Popular Myanmar