အင်တာနက်လိုင်း ကျဆင်းမှုကြောင့် ATM စက် သုံးစွဲသူများအခက်တွေ့

ပို့စ်တင်ချိန် - 5/20/2014 09:03:00 PM


ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်သုံးစွဲနေကြသည့် အလိုအလျောက်ငွေထုတ်စက် (ATM) များကို အသုံးပြုရာတွင် အင်တာနက်ဆက်သွယ်မှု လိုင်းကျဆင်းမှုကြောင့် စက်ချို့ယွင်းမှုနှင့် မကြာခဏကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ပြည်တွင်းအင်တာနက်လိုင်း ဆက်သွယ်မှုလိုင်းကျဆင်းမှုကြောင့် ATM စက်များ ချို့ယွင်းခြင်းသည် ယခင်က ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေ သုံးစွဲသူတချို့ထံမှ သိရသည်။

“ရန်ကုန်မြို့ထဲက ATM စက်တစ်ခုမှာ ငွေထုတ်ဖို့ကတ်ထည့်တော့ ကွန်နက်ရှင်ကျနေလို့မရခဲ့ဘူး။ နောက်တစ်ခေါက်ကလည်း ရန်ကုန်မှာပဲ။ ကွန်နက်ရှင်ကျလို့ ထုတ်လို့မရပြန်ဘူး။ ကျွန်မအတွက်တော့ နှစ်ကြိမ်ပဲ ဒီပြဿနာကြုံရပေမယ့် ဖြစ်ကိုမဖြစ်သင့်တဲ့ ချို့ယွင်းမှုပါ။ ကျွန်မလိုပဲ တခြားသူတွေလည်း ဒီပြဿနာကြုံရတယ်လို့ သိရတယ်” ဟု ရန်ကုန်မြို့နေအမျိုးသမီးတစ်ဦးက သူမ၏ အတွေ့အကြုံကို ပြောသည်။

ထို့အပြင် ပုဂ္ဂလိကဘဏ်အချို့မှ ဝန်ဆောင်မှုပေးနေသည့် နိုင်ငံတကာသုံး  ငွေပေးချေရေးကတ်များကို သုံးစွဲရာ၌လည်း အခက်အခဲအချို့နှင့် ကြုံတွေ့နေရကြောင်း သုံးစွဲသူတချို့က ပြောသည်။

“ပြည်ပနိုင်ငံတွေမှာ သုံးလို့ရတဲ့ ငွေပေးချေရေးကတ်တွေ၊ ကတ်တွေနဲ့ပတ်သက်ပြီး သုံးစွဲတဲ့အခါ အဆင်မပြေတာတွေ မဖြစ်အောင် ဘဏ်တွေဘက်ကနေ သေသေချာချာရှင်းပြတာတွေ၊ ပညာပေးတာတွေ လုပ်ပေးဖို့လိုတယ်လို့ မြင်ပါတယ်။ ပြီးတော့ ဒီလိုကတ်တွေကိုသုံးတဲ့အခါ အသုံးပြုတဲ့သူအများစု နားလည်လွယ်မယ့်စနစ်တွေကိုပဲ ထည့်သွင်းသင့်ပါတယ်။ သူများနိုင်ငံရောက်ပြီးမှ ကိုယ့်ဆီက နည်းပညာမကောင်းလို့ မျက်နှာငယ်ရတဲ့အဖြစ် တခြားသူတွေလည်းဖြစ်ကြတာတွေ့နေရတယ်” ဟု မကြာသေးမီရက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုမှ ထုတ်လုပ်သည့် နိုင်ငံတကာသုံး အီလက်ထရွန်နစ် ငွေပေးချေရေးကတ်သုံးစွဲရာတွင် အဆင်မပြေဖြစ်ခဲ့ရသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုကဲ့သို့  ပြည်တွင်းမှ ATM စက်များ အင်တာနက်မြန်နှုန်းကြောင့် အခက်အခဲကြုံတွေ့နေရသကဲ့သို့  POS (Point of Sale) စက်များသည်လည်း အလားတူပြဿနာမျိုးကြောင့် သုံးစွဲသူများ နည်းပါးနေဆဲဖြစ်သည်ဟု စုံစမ်းသိရသည်။


ယုဇနကိုကို
Internet Journal