ဧပြီလတွင် Xbox One ထက် PS4 ရောင်းအားသာလွန်ခဲ့

ပို့စ်တင်ချိန် - 5/20/2014 09:13:00 PM


ယခုနှစ်ဧပြီလတွင် Sony ၏ PlayStation 4 ရောင်းအားသည် Microsoft ၏ Xbox One ရောင်းအားထက် သာလွန်ခဲ့ကြောင်း NPD Group ကထုတ်ပြန်ခဲ့သည့် ဧပြီလရောင်းအား အစီရင်ခံစာအရသိရသည်။

၂၀၁၃ ခုနှစ် ဧပြီလက ဂိမ်းစက်များရောင်းချမှုနှုန်းသည် ၇၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း ယခုနှစ်ဧပြီလတွင် ၁၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း NPD မှလေ့လာဆန်းစစ်သူ Liam Callahan ကပြောကြားခဲ့သည်။ ထို့အပြင် ပထမခြောက်လအတွင်း PS4 နှင့် Xbox One ဂိမ်းစက်ရောင်းချမှုနှုန်းသည် PS3 နှင့် Xbox 360 ဂိမ်းစက်စုစုပေါင်း ရောင်းချမှုထက်နှစ်ဆ ပိုမိုခဲ့ကြောင်း၊ ဂိမ်းစက်များရောင်းချမှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၉၂.၆ သန်းရှိခဲ့ကြောင်း Callahan ကဆိုခဲ့သည်။

ဂိမ်းစက်ရောင်းအား မြင့်တက်လာသော်လည်း ဂိမ်း software ရောင်းချမှုနှုန်းမှာ လွန်ခဲ့သည့်နှစ်ကထက် ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄၀.၈ သန်းသာရှိခဲ့ကြောင်း Callahan ကပြောကြားခဲ့သည်။

Sony သည်ဧပြီလက ဂိမ်းစက် ၇ သန်းရောင်းချခဲ့ရကြောင်း ကြေညာခဲ့ပြီး Microsoft ကလည်း၎င်း၏ ဂိမ်းစက် ၅ သန်းတင်ပို့ရောင်းချ ခဲ့ရကြောင်းကြေညာခဲ့သည်။ ထို့အပြင် Xbox One ဂိမ်းစက် ၁၁၀,၀၀၀ နှင့် Xbox 360 ၇၆,၀၀၀ ရောင်းချခဲ့ရကြောင်း Microsoft ကထုတ်ဖော်ပြောကြားခဲ့သည်။



-နောင်နောင်

Ref: CNET
Internet Journal