ထိုင်းတွင် မာရှယ်လော ထုတ်ပြန်၊ သို့ရာတွင် စစ်အာဏာသိမ်းခြင်းမဟုတ်ဟု ဆို

ပို့စ်တင်ချိန် - 5/20/2014 02:50:00 PM


ကောင်းကင်ကိုဘာသာပြန်သည်
ချင်းမိုင်၊ မေ ၂၀

နိုင်ငံရေး အကျပ်အတည်း ဖြစ်လျက်ရှိသော ထိုင်းနိုင်ငံတွင် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေးအမိန့် (မာရှယ်လော) ကို မေလ ၂၀က ကြေညာလိုက်ပြီး ထိုအမိန့်သည်တစ်နိုင်ငံလုံးတွင် အကျိုးသက်ရောက်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် လပေါင်းများစွာ ဖြစ်ပွါးခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း လူ ၂၈ဦး သေဆုံးခဲ့ကာ၊ ရာနှင့်ချီကာ ဒဏ်ရာရရှိခဲ့ပြီးနောက်၊ တရားဥပဒေစိုးမိုးရေးကိုပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက်ဟုဆိုကာ မာရှယ်လော ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုင်းစစ်တပ်ပိုင် ရုပ်မြင်သံကြား ဌာနက ထုတ်လွှင့်ခဲ့သောထုတ်ပြန်ချက် တစ်ခုထဲတွင်၊ “ဘက်အားလုံးမှ လူများအတွက် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထိန်းသိမ်းနိုင်ရန်” စစ်အုပ်ချုပ်ရေးအမိန့်ကိုထုတ်ပြန်ရခြင်း ဖြစ်ကြောင်းနှင့် သို့ရာတွင် စစ်အာဏာသိမ်းခြင်း မဟုတ်ကြောင်း အခိုင်အမာဆိုထားသည်။

“ပြည်သူတွေအနေနဲ့ ကြောက်ရွံ့တုန်လှုပ်စရာ မရှိပါဘူး။ ပုံမှန်အတိုင်း ဆက်ပြီး နေထိုင်နိုင်ပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယခုလအစောပိုင်းက ထိုင်းဝန်ကြီးချုပ် ယဉ်လပ်ရှင်နာဝပ် (Yingluck Shinawatra)အား အငြင်းပွါးဖွယ်ရာ တရားရုံးအမိန့် တစ်ခုဖြင့် ဝန်ကြီးချုပ်ရာထူးမှဖြုတ်ချခဲ့ရာ၊ ထိုင်းနိုင်ငံ၏ နိုင်ငံရေး တင်းမာမှုများပိုမိုပြင်းထန်လာခဲ့သည်။ ထိုင်းနိုင်ငံရေး အကျပ်အတည်းမှာ နှစ်နှင့်ချီကာ ဖြစ်ပွါးနေခြင်း ဖြစ်သည်။

အကယ်၍ အရွေးချယ်ခံပုဂ္ဂိုလ် မဟုတ်သူ တစ်ဦးဦးထံ အာဏာအပ်နှင်းလိုက်ပါကထိုင်းနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်သွားနိုင်ကြောင်း ယဉ်လပ်ကို ထောက်ခံသူ“ရှပ်နီဝတ်” များက သတိပေးထားသည်။

စစ်အုပ်ချုပ်ရေး အမိန့် ပြဌာန်းမည့်အကြောင်းကို ထိုင်းအစိုးရအဖွဲ့နှင့် ကြိုတင်ဆွေးနွေးတိုင်ပင်ခြင်းမျိုး မရှိခဲ့ဟု ဝန်ကြီးချုပ် NiwattumrongBoonsongpaisan ၏ လုံခြုံရေး အကြံပေး အရာရှိချုပ် Paradorn Pattanatabut က
ဆိုသည်။

“ကြားဖြတ်အစိုးရအဖွဲ့ ဆက်လက် တည်ရှိဆဲ ဖြစ်ပြီးတော့ Niwuttumrong က ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေဆဲပါ။ နိုင်ငံရဲ့ လုံခြုံရေး ကိစ္စရပ်တွေအားလုံးအတွက် စစ်တပ်က တာဝန်ယူလိုက်တာကလွဲလို့ အရာရာက ပုံမှန်အတိုင်းပါပဲ” ဟု သူက ဆိုသည်။

အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများကမူ၊ ဝန်ကြီးချုပ်ကို ရာထူးအာဏာမှ ဖြုတ်ချနိုင်ရေးအတွက် လာမည့်နေ့များတွင် “အပြီးသတ် တိုက်ပွဲတစ်ရပ်”ဆင်နွှဲသွားရန် သန္နိဋ္ဌာန်ချထားကြသည်။

Mizzima Burmese