အပူရှိန်မြင့်မားမှုကြောင့် နို့ထွက်ရှိမှု နည်းသဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ အခက်ကြုံ

ပို့စ်တင်ချိန် - 5/20/2014 08:00:00 PM


မုံရွာ မေ(၂၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နို့စားနွားမွေးမြူရေး အထူးဇုန်တွင် နွားမွေးမြူရေးတောင်သူများအနေဖြင့် ဖရီရှန်နို့စားနွားမျိုးများကို မွေးမြူလျက်ရှိရာ ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်တက်ခြင်း နို့အထွက်နှုန်း ကျသဖြင့် အမြတ်နှုန်း နည်းပါးလျက်ရှိကြောင်း နွားမွေးမြူရေးတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်လာတာ ကြာပါပြီ၊ ဒီမှာက ဖရီရှန်နို့စားနွားမျိုးတွေ မွေးပါတယ်၊ တစ်ကောင်ကို ငွေကျပ်(၁ဝ) သိန်းကနေပြီး (၁၅) သိန်းအထိပေးရတယ်၊ နွားစာကိုတော့ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေမှာ ထော်လာဂျီအသေးတစ်စီးကို ငွေကျပ် (၃၅ဝဝဝ)၊ ပဲအရည်ထောက်လာဂျီတစ်စီးကို ငွေကျပ် (၁ဝဝဝ)၊ ပဲဖတ်ပုံးအသေးတစ်ပုံးကို တစ်ရာကျပ် ပေးရတယ်၊ နို့ထွက်ကောင်းတဲ့ နွားမတစ်ကောင် တစ်ရက်ကို နွားနို့ပိဿာချိန် (၁၂) ပိဿာလောက်ထွက်တယ်၊ အခုအချိန်က ရာသီဥတုကပူ၊ မိုးရွာတော့လည်း အပူချိန် မရော့သွားဘဲ ပိုပြီးပူတော့ တစ်ရက်ကို အခု (၈) ပိဿာလောက်ပဲထွက်တယ်၊ ရာသီဥတုက ပူတော့ နွားတွေ မောပြီး အစာမစားနိုင်ဘူး၊ ဒါ့ကြောင့်နို့ထွက်နှုန်းကျတယ်၊ တွက်ချေသိပ်မကိုက်ဘူး” ဟု နွားအထူးမွေးမြူရေးဇုန်မှ မွေးမြူရေးတောင်သူ ကိုနေလင်းက ပြောကြားသည်။

ရာသီဥတုနှင့်ပတ်သက်၍ နွားများတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့်ပတ်သက်ပြီ “ရာသီဥတုက ပူလိုက်၊ မိုးရွာလိုက်နဲ့ဆိုတော့ အခုအချိန်မှာ ပေါင်ပုတ်၊ လက်ပုတ်၊ ဒေါင်သန်းရောဂါတွေနဲ့ ခွာနာ လျှာနာ ရောဂါတွေဖြစ်တတ်တယ်၊ ကာကွယ်ဆေးတွေတော့ ထိုးပြီးပြီ ပေါ့လို့တော့မရဘူး၊ အပူအအေးမမျှတော့ နွားမကြီးတွေရဲ့နို့တံတွေနဲ့ နို့အုံတွေ ရောင်ရမ်းမှုမဖြစ်စေဘို့ နနွင်းလူးပေးတယ်၊ နောက်ပြီး မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကလည်း လိုအပ်တဲ့ကာကွယ်မှုတွေလုပ်ပေးတယ်၊ ညွှန်ကြားပေးပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နို့အထွက်နှုန်း၊ ဈေးနှုန်းနှင့်ပတ်သက်၍လည်း “အရင်က နို့တစ်ပိဿာကို ငွေကျပ် (၅၅ဝ) ဈေး နဲ့တုံးကတော့ အထွက်နှုန်းကောင်းတယ်၊ ဒါပေမဲ့အစာဈေးနှုန်းတက်လာတော့ အကြွေးတင်တယ်၊ လွန်ခဲ့တဲ့ (၆) လလောက်ကစပြီး နို့တစ်ပိဿာကို တစ်ရာကျပ်တိုးပေးတော့ (၆၅ဝ) ကျပ်ဖြစ်လာတယ်။ အကြွေးတွေဆပ် နိုင်တုံးရှိသေးတယ်၊ အပူချိန်မြင့်လာပြီး နို့ထွက်နှုန်းကျတာပဲ၊ ဒီနွားမွေးမြူရေးအထူးဇုန်မှာ နွားကောင်ရေ (၃ဝဝ)ကျော်လောက်ရှိတယ်၊ တစ်နေ့ကို နွားနို့ပိဿာချိန် (၁၇ဝဝဝ) လောက် ထွက်တယ်၊ ရာသီဥတုကောင်းပြီး အပူလျော့သွားရင်တော့ နို့ထွက်နှုန်းကောင်းလာမှာပါ” ဟုပြောကြားသည်။
မုံရွာမြို့ နွားမွေးမြူရေးအထူးဇုန်နှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် နွားမွေးမြူရေးတောင်သူ (၂ဝဝ) ဦးကျော် မွေးမြူရေးလျက်ရှိရာ ထွက်ရှိလာသော နွားနို့များကို နွားမွေးမြူရေးဇုန်အတွင်း နွားနို့ကောက်ယူရေး စခန်းတစ်ခုဖွင့်လှစ်ကာ မြဘုရင်နို့ချက်စက်ရုံသို့ ပေးပို့လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar