ဆေးလိပ်စွဲနေသည့် အင်ဒိုနီးရှားမှ မျောက်ဝံအား ဆေးလိပ်ဖြတ်ရန် ကြိုးပမ်း

ပို့စ်တင်ချိန် - 5/20/2014 08:42:00 PM


တိုရီဆိုတာကတော့ အကျင့်ဆိုးတစ်ခု စွဲနေတဲ့ ဆယ်ကျော်သက် တစ်ဦးပါပဲ။ စွဲနေတဲ့ အကျင့်ဆိုးကလည်း ဆေးလိပ်ကြိုက်တဲ့ အကျင့်ဖြစ်ပါတယ်။ ဒါပေမယ့် တိုရီဟာ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ အသက်
၁၅ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံရှိ တိရိစ္ဆာန်ရုံထဲက အိုရန်ဂူတန် မျောက်မျိုးနွယ်ဝင် မျောက်ဝံမ တစ်ကောင်ပင် ဖြစ်ပါတော့သည်။

သူမ ဆေးလိပ်စွဲနေသည်မှာ ဆယ်စုနှစ်တစ်ခုပင် ရှိနေပြီဖြစ်ပြီး ယခုအခါတွင်တော့ တိရိစ္ဆာန်ရုံ တာဝန်ရှိသူများက တိုရီအား ဆေးလိပ်ဖြတ်ရန် ကြိုးပမ်းတော့မည်ဟု သိရှိရသည်။

တိုရီ ဆေးလိပ်စွဲသွားရသည့် အဓိက အကြောင်းရင်းမှာ စည်းကမ်းမရှိသည့် လူအများက လှောင်အိမ်အတွင်း ဆေးလိပ်တိုများ ပြစ်ပေးကာ အကျင့်ဖျက်ခဲ့ခြင်း ဖြစ်သည်။ ထိုသူများက နောက်ပြောင်ပြီး ဓါတ်ပုံရိုက်လိုစိတ်ဖြင့် ယခုကဲ့သို့ ပြုလုပ်ခဲ့သော်လည်း တိုရီမှာမူ အမှန်တကယ်ပင် ဆေးလိပ်စွဲသွားခဲ့ရပြီး ယခုအခါတွင် အသက်အန္တရာယ်အတွက် စိုးရိမ်လာရပြီဖြစ်သည်။


တိုရီသည် ဆေးလိပ်အား လူတစ်ဦးကဲ့သို့ ကျွမ်းကျင်စွာ သုံးစွဲတတ်ပြီး၊ လက် ၂ ချောင်းဖြင့် ဆေးလိပ်အားညှပ်ကာ ရှုရှိုက်သွင်းပြီးနောက် နှာခေါင်းမှလည်း ပြန်ထုတ်တတ်သည်။ ယင်းကြောင့် တိုရီသည် တိရိစ္ဆာန်ရုံလာ ပရိသတ်ကြီး၏ အသည်းစွဲလည်း ဖြစ်နေခဲ့သည်။
သို့သော်လည်း ယခုအခါတွင် တာဝန်ရှိသူများက သူမအား လူအများနှင့် အလွယ်တကူ မထိတွေ့နိုင်သည့် သီးခြားခြံဝန်းအတွင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်သည်။ ယင်းခြံဝန်း၌ တိုရီအပါအဝင် မျိုးတုန်းလုဖြစ်နေသည့် အိုရန်ဂူတန် မျောက်မျိုးစုဝင် အခြားမျောက် ၃ ကောင်နှင့်အတူ နေထိုင်ရမည်ဖြစ်သည်။

ထိုနည်းတူ မကြာမီ ရက်ပိုင်းအတွင်း သူမ၏ ကျန်းမာရေး အခြေအနေ စစ်ဆေးထားမှု အဖြေအား ရရှိမည်ဖြစ်ပြီး ဆေးလိပ်သောက်သုံးမှုက သူမ၏ ကျန်းမာရေးအား မည်မျှထိခိုက်စေပြီး ဖြစ်သည်ကို သိရှိရမည်ဖြစ်သည်။

မကြာသေးမီ ကာလအတွင်းကလည်း စည်းကမ်းမဲ့ ပြည်သူအချို့က နောက်ပြောင်ပစ်ပေါက်ခဲ့သည့် ပလတ်စတစ် ရေသန့်ဘူးများအား မျိုချခဲ့မိသည့် သစ်ကုလားအုပ်ကြီး တစ်ကောင်မှာလည်း အင်ဒိုနီရှားရှိ Surabaya တိရိစ္ဆာန်ရုံတွင် သေဆုံးခဲ့ရသည်။ ယင်း၏ ဝမ်းဗိုက်အတွင်းက ကီလို ၃၀ ခန့်ရှိ ပလတ်စတစ် အလုံးကြီးအား ခွဲစိတ်တွေ့ရှိခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆေးလိပ်ရောင်းချမှုအား ထိန်းချုပ်တားမြစ်မှု အနည်းဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အင်ဒိုနီးရှားရှိ အမျိုးသားဦးရေ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ အပါအဝင် လူဦးရေ စုစုပေါင်း၏ ၃ ပုံ ၁ ပုံမှာလည်း မှာ ဆေးလိပ်သောက်သုံးသည်ဟု သိရှိရသည်။

shwelone.com