ကားလမ်းကွေ့တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်

ပို့စ်တင်ချိန် - 5/20/2014 08:01:00 PM


ကျောက်တံခါး မေ ၁၉

ကျောက်တံခါးမြို့ မြို့မရဲစခန်းမှ ရဲအုပ်သန်းဝင်းအောင် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် မြို့မရဲစခန်း၏ တောင်ဘက် သုံးမိုင်ခန့်အကွာ ဘာဘူကုန်းကျေးရွာတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ မေ ၁၈ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်မန္တလေးကားလမ်း (လမ်းဟောင်း) မိုင်တိုင်အမှတ် (၁၁၁/၄)နှင့် (၁၁၁/၅)အကြား ဘာဘူကုန်းကျေးရွာတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း မြင့်စိုး (၅၁ နှစ်) (ကညွတ်ကွင်းမြို့ ကျွန်းတောရပ်ကွက်၅ လမ်းနေသူ) မောင်းနှင်၍ ကျော်ဇင် ထိုက် လိုက်ပါစီးနင်းလာသော ၃ဂ/----- ရှားရော့အမျိုးအစား အဖြူရောင် အိမ်စီးယာဉ်နှင့် မျက်နှာချင်းဆိုင် မှ ယာဉ်မောင်း သန်းထိုက် (၃၃နှစ်) (တောင်ဒဂုံမြို့ ဆောင်တော်ကူးလမ်း ၂၂ ရပ်ကွက်နေသူ) မောင်းနှင် လာသော လယ်ယာသုံး ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်အမှတ် ၄ဂ/----- ဟီးနိုး အမျိုး အစား ခြောက်ဘီးယာဉ်တို့သည် ဘာဘူကုန်းကျေးရွာ ကားလမ်းကွေ့ အလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိကြရာ ယာဉ်ပေါ်ပါသူများ ထိခိုက် ဒဏ်ရာ မရရှိခဲ့သော်လည်း ယာဉ်နှစ်စီးလုံး၏ ဦးခေါင်းဝဲဘက်ခြမ်းများ ကြေမွ ပျက်စီးသွားသဖြင့် ယာဉ် မဆင်မခြင် မောင်းနှင်သူ မြင့်စိုးနှင့် သန်းထိုက် တို့ကို အရေးယူ ပေးပါရန် ရဲအုပ် သန်းဝင်းအောင်က တိုင်တန်း လာသဖြင့် ကျောက်တံခါး မြို့မရဲစခန်းက အရေးယူထားပြီး အမှုအား ရဲအုပ် သန်းဝင်းအောင်က ဆက်လက်စစ်ဆေးနေကြာင်း သိရသည်။
MOI Webportal Myanmar