ကျူးကျော် အင်န်အယ်လ်ဒီရုံးနှင့် နေအိမ်များ ဖယ်ရှားခိုင်း

ပို့စ်တင်ချိန် - 5/20/2014 02:51:00 PM


ရေခဲ(ပြည်)| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ်

စက်မှုဇုန် ပိုလျှံလယ်ယာမြေများအပေါ် ကျူးကျော်ထားသည့် ပဲခူးတိုင်း၊ ပြည်မြို့၊ န၀ဒေးရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအပါအ၀င် နေအိမ် ၂၇ လုံးကို မူလတောင်သူများက ပြန်လည်တောင်းဆိုနေသည့်အတွက် ဖယ်ရှားခိုင်းထားကြောင်း အင်န်အယ်လ်ဒီ (ပြည်-န၀ဒေး) ရပ်ကျေးကော်မတီဝင် ဒေါ်ခင်မာနီက ပြောသည်။

“မေဒေးနေ့ ရုံးဖွင့်တဲ့ရက်တုန်းက ရပ်ကွက်လူကြီးနဲ့ လူတစ်ယောက် လာပြောတယ်။ ဒီရုံးကို ဖွင့်ခွင့်မပေးဘူး။ ဒီနေရာ ပိုင်ရှင်ပေါ်လာပြီလို့” ဟု ၎င်းင်းကဆိုသည်။လက်ရှိတွင် ပြည်အင်န်အယ်လ်ဒီ အဖွဲ့က န၀ဒေးရပ်ကွက်၊ အောင်ကမ္ဘာ သစ်စက်လမ်းမှ နေအိမ် ၂၄ လုံးနှင့် န၀ဒေးပွဲရုံလမ်းမှ နေအိမ် သုံးလုံးကို ကျူးကျော်နေအိမ်များအဖြစ် စာရင်းပြုစုကာ ဓာတ်ပုံမှတ်တမ်းများရိုက်ယူ၍ ခရိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ တင်ပြထားသည်။

ကျူးကျော်အိမ်အများစုသည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကပင် ၀င်ရောက်နေ ထိုင်ခဲ့ခြင်းဖြစ်ပြီး အိမ်များ စတင်ဆောက် လုပ်စဉ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ တစ်အိမ်လျှင် ကျပ် ၅,၀၀၀ ပေးသွင်းရပြီး ပြန်လည်ပြုပြင်လိုပါက တစ်အိမ် ကျပ် ၁၀,၀၀၀ ပေးရကြောင်းလည်း အဆိုပါ နေရာတွင် နေထိုင်သူများက ပြောသည်။

“စဆောက်တုန်းကလည်း ပိုင်ရှင်ရှိတယ်မပြောဘူး။ ပိုင်ရှင်ရှိရင် ပြောပေးမယ်လို့ပဲ ပြောတယ်။ မြေစာရင်းကို လှမ်းမေးကြည့်တော့လည်း ပလပ်မြေ ဘယ်သူမှ မပိုင်ဘူးလို့ ပြောတယ်။ ပိုင်ရှင်ဆိုတာကလည်း သူတို့က (ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင်များ)ပြောနေတာ တစ်ခါမှ မတွေ့ဖူးဘူး” ဟု န၀ဒေး အင်န်အယ်လ်ဒီ ရပ် ကျး ဒု-ဥက္ကဋ္ဌဦးအေးထွန်းက ပြောသည်။

န၀ဒေးနယ်မြေအုပ်ချုပ်ရေးမှူး ဦးကို ဌေးကမူ “စီမံကိန်းကာလအတွင်း မြေကွက်မရိုက်ဘဲ ကျန်ခဲ့တာတွေရှိတယ်။ လယ်ယာမြေဥပဒေမှာ အကောင်အထည် မဖော်နိုင်တဲ့ မြေယာကို မူလတောင်သူပြန် ရမယ်လို့ပါတယ်။ မူလတောင်သူက ပြေစာ အထောက်အထားတွေနဲ့ ကျွန်တော်တို့ရုံး ကိုတိုင်ထားတာရှိတယ်” ဟု ပြောသည်။

ထိုသို့ တိုင်တန်းသည့်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မူလတောင်သူ နှင့် ၀င်ရောက်နေထိုင်သူများအကြား ညှိနှိုင်းပေးခဲ့ပြီး ညှိနှိုင်းမှု မအောင်မြင်ပါက တရားရင်ဆိုင်ရန်သာရှိကြောင်း ၎င်းက ဆက်ပြောသည်။

မေလ ၁၇ ရက်တွင် ကျူးကျော်နေအိမ် နှစ်လုံးကို မြေပိုင်ရှင် ဒေါ်စန်းဌေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုဌေး၊ ဦးအေးဆွေကြီးနှင့် ဦးအုန်းမြင့်တို့က ခြံခတ်ခဲ့သည်။ ပဋိပက္ခများ ပေါ်ပေါက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်က လုံခြုံရေး ရယူရပြီး မေလ ၁၈ ရက် ည ၁၀နာရီ အချိန်က ဦးကျော်ကြီးဆိုသူက ကျူးကျော်နေအိမ် တစ်လုံးအား ၀င်ရောက် ဆဲဆို ခဲ့သည်။

“အိမ်က ညီမလေးနဲ့ကျွန်မ နှစ်ယောက်တည်းရှိတဲ့အချိန် နင်တို့ကို ဒီအိမ်မှာ မမြင်ချင်ဘူးဆိုပြီး အိမ်ထဲဝင်ပြီး ဆဲတယ်။ ၀ါးလုံးကြီးကိုင်ပြီး လိုက်ရိုက်တယ်။ ကုလားထိုင်တွေကို ကိုင်ပေါက် ချိုးပစ်တယ်။ အိမ်ပတ်လည်ကို ကြည့်ပြီး ဆဲတယ် ” ဟု ၎င်းင်းအိမ်၌ နေထိုင်သူ မအေးအေးဆွေက ပြောသည်။

ထိုသို့ဝင်ရောက်ဆဲဆိုခြင်း ခြံစည်းရိုး ၀င်ခတ်ခြင်းများ ပြုလုပ်သည့်အတွက် အိမ်ပိုင်ရှင် ဒေါ်နွဲ့နှင့် ဆဲဆိုခံရသူ မအေးအေးဆွေတို့က အမှုဖွင့်တိုင်တန်းရာ မြို့မ ရဲစခန်းတွင် ကိုကျော်ကြီးအား (ပ၊)၃၁၃/ ၂၀၁၄ ပြစ်မှုပုဒ်မ၂၉၄၊ ၄၄၇ ဖြင့် လည်းကောင်း၊ မြေပိုင်ရှင် ဒေါ်စန်းဌေး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုဌေး၊ ဦးအေးဆွေကြီးနှင့် ဦးအုန်းမြင့်တို့အား (ပ)၃၂၄/၂၀၁၄ပြစ်မှုပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

တိုင်တန်းခံရမှုနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး ဦးဌေးက “တိုင်တယ်လို့တော့ ကြားတယ်။ မသွားရသေးဘူး။ တိုင်တော့လည်း ရှင်းရမှာပေါ့။ အစ်ကိုက အဲဒီတုန်းက အိမ်ထဲလည်း မ၀င်ဘူး။ ခေါ်လို့ခဏ သွားပြီး ပြန်လာတာ”ဟု ပြောသည်။

Mizzima Burmese