အလှူမှ ကျွေးသော ဆန်ပြားသုပ်နှင့် ဒီတိုး အချိုရည် သောက်သုံးမိ၍ လူပေါင်း(၆၀)ကျော် အစာအဆိပ်သင့်

ပို့စ်တင်ချိန် - 5/20/2014 04:19:00 PM



တောင်ငူမြို့၊ ဇေယျာသီရိသီလရှင် စာသင်တိုက်နှင့် မိဘမဲ့ အမျိုးသမီးကျောင်းတွင် အလှူရှင်မှ ကျွေးသော ဆန်ပြားသုပ်နှင့် ဒီတိုး အချိုရည်ကို သောက်သုံးမိရာမှ ကလေးငယ် အများစု အပါအ၀င် လူပေါင်း (၆၀) ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ အစာအဆိပ်သင့်ဖြစ်ပွားမှုကြောင့် တောင်ငူပြည်သူ့ ဆေးရုံသို့ စုစုပေါင်း လူဦးရေ (၆၈)ဦး လာရောက် ကုသခဲ့သည်။ အဆိုပါ လူနာများထဲမှာ (၂၂) ဦးကို အတွင်း လူနာအဖြစ် လက်ခံခဲ့ပြီး၊ (၄၆) ဦးကို ပြင်ပ လူနာ အဖြစ် လက်ခံကာ ကျန်းမာရေးကုသမှု ပြုလုပ်ပေးခဲ့ကြာင်း တောင်ငူပြည်သူ့ ဆေးရုံမှ လက်ထောက် ဆေးရုံအုပ် ဒေါက်တာ ကြည် သာစိုးက The Messenger သတင်းစာသို့ ပြောသည်။
““အခြေအနေ အားလုံး ကောင်းပါတယ်။ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ စိုးရိမ် ရတာပါ””ဟု ၎င်းက ပြောသည်။
တောင်ငူပြည်သူ့ ဆေးရုံသို့ လာရောက်၍ ဆေးကုသသူ များအားလုံးတွင် အစာ အဆိပ်သင့် ရောဂါလက္ခဏာများ တွေ့ရှိရပြီး၊ အစားအသောက်များနှင့် အသုံးပြုသော ပစ္စည်းများကို နမူနာယူကာ ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေး သွားမည် ဖြစ်ကြောင်း ဒေါက်တာ ကြည်သာစိုးက ဆက်ပြောသည်။
““မနက်(၈)နာရီမှာ ဆန်ပြားသုပ် ကျွေးတယ်။ (၁၀) နာရီလောက်မှာ ဒီတိုး အချိုရည် တိုက်တယ်၊ ကျောင်းက လူအားလုံးနီးပါး ဖြစ်တယ်””ဟု ဇေယျာသီရိ သီလရှင် စာသင်တိုက်နှင့် မိဘမဲ့ အမျိုးသမီးကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် တောင်ငူပြည်သူ့ ဆေးရုံတွင် တက်ရောက် ကုသနေသူ (၂၂) ဦး(ကလေး ကိုးဦးနှင့် လူကြီး(၁၃) ဦး) သည် အစာအဆိပ်သင့်မှု အတွက် ဆေးဝါးကုသမှု ခံယူနေကြရဆဲ ဖြစ်ကြောင်း သိရသည်။

Messenger News Journal