စင်ကာပူ ကုမ္ပဏီများအနက် ခုနစ်ဆယ် ရာခိုင်နှုန်းခန့်က လာမည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်လျက်ရှိ

ပို့စ်တင်ချိန် - 5/09/2014 03:25:00 PM


ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့တွင် UBO ဘဏ်က ဦးဆောင် ကျင်းပခဲ့သော ဖိုရမ်သို့ တက်ရောက်လာသည့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ




မေ ၆

စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများ ရှိနေသည်ဟု ယုံကြည်လျက် ရှိသောကြောင့် မြန်မာတွင် လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်အားထက်သန်ကြပြီး လာမည့်နှစ်အတွင်း လုပ်ငန်းများ စတင်ဖွယ်ရှိကြောင်း စင်ကာပူဘဏ် United Oversea Bank (UOB) ၏ ဆန်းစစ် လေ့လာချက်များကို ကိုးကားလျက် The Straits Times သတင်းဌာနက မေ ၅ ရက်တွင် ရေးသား ဖော်ပြခဲ့သည်။

စင်ကာပူရှိ ကုမ္ပဏီပေါင်း ၁၀၈ ခုကို စစ်တမ်းကောက် ဆန်းစစ်လေ့လာခဲ့သည့် အနက်မှ ကုမ္ပဏီ ၆၄ ခုသည် လာမည့်နှစ်အတွင်း ၎င်းတို့၏ လုပ်ငန်းများကို မြန်မာနိုင်ငံတွင်း တိုးချဲ့ လုပ်ဆောင်သွားရန် စီစဉ်လျက် ရှိကြသည်ဟု ယင်းစစ်တမ်းက ဖော်ပြထားသည်။

လေ့လာဆန်းစစ်ခဲ့သည့် ကုမ္ပဏီများထဲမှ တစ်ဝက်ခန့်က မြန်မာနိုင်ငံတွင် မတို့မထိရသေးသည့် ကြီးမားသော ပြည်တွင်းဈေးကွက် ရှိနေခြင်းက ၎င်းတို့လုပ်ငန်းများကို တိုးချဲ့လိုရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း ပြောခဲ့ကြပြီး ၃၉ ရာခိုင်နှုန်း ခန့်ကမူ မြန်မာနိုင်ငံတွင်းရှိ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်း ကဲ့သို့သော အရေးပါသည့် စီးပွားရေး အခွင့်အလမ်းများကြောင့် ဖြစ်ကြောင်း ဆိုခဲ့ကြသည်။

UOB ဘဏ်၏ အမှုဆောင် ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကြံပေး အဖွဲ့ခေါင်းဆောင် Sam Cheong က ““မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပါတယ်။ အဲဒီလိုပဲ စိန်ခေါ်ချက်တွေနဲ့ စွန့်စားရမယ့် ကိစ္စတွေလည်း ရှိနေပါတယ်””ဟု ပြောခဲ့သည်။

ယင်းသို့ မြန်မာစီးပွားရေးကဏ္ဍတွင် ၀င်ရောက် လုပ်ကိုင်ရန် စင်ကာပူ လုပ်ငန်းရှင် အများအပြား စိတ်ဝင်စား နေချိန်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များကလည်း မြန်မာပြည်တွင်း လုပ်ငန်းများနှင့် ဖက်စပ် လုပ်ကိုင်ရန် စိတ်ဝင်စားလျက် ရှိနေကြောင်း ထိုင်းစီးပွားရေး သတင်းဌာနက မေ ၁ ရက်တွင် သတင်းရေးသား ဖော်ပြခဲ့သည်။

ထိုင်းအခြေစိုက်ဘဏ် Karsikorn ၏ စီမံခန့်ခွဲရေး ဒါရိုက်တာ Srihong က ထိုင်းလုပ်ငန်းရှင် အများစုသည် မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဥပဒေအရ ရှုပ်ထွေးမှုများ ရှိနေခြင်းနှင့် စရိတ်စက ကြီးမြင့်နေမှုများကို ကျော်လွှားလျက် ပြည်တွင်းပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများအတွက် ဖက်စပ် လုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းနေကြကြောင်း ဆိုခဲ့သည်။

၎င်း၏ အဆိုအရ မြန်မာနိုင်ငံအတွင်း စီးပွားရေးဆိုင်ရာ အခွင့်အလမ်း ရှာဖွေခဲ့ကြသည့် ထိုင်းကုမ္ပဏီများ အနက်မှ ၂၀-၃၀ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံတွင်း ဖက်စပ်လုပ်ငန်းများ စတင်လုပ်ကိုင် နေကြသည် ဆိုသော်လည်း စင်ကာပူနိုင်ငံနှင့် နှိုင်းယှဉ်လျှင်မူ နောက်ကျနေသည်ဟု ထောက်ပြ ပြောဆိုခဲ့သည်။

စင်ကာပူဘဏ် United Oversea Bank (UOB) ဦးဆောင်၍ ရန်ကုန်မြို့တွင် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက စီပွားရေး ဖိုရမ်တစ်ခုကို ကျင်းပခဲ့ပြီး UOB ဘဏ်၏ သုတေသန ပြုလုပ်ချက်အရ အာရှရှိ အကြီးဆုံး စီးပွားရေး လုပ်ငန်းများ အနက်မှ ထက်ဝက်ခန့်သည် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား နေကြသည်ဟု ဧရာဝတီ သတင်းဌာနက ဖေဖော်ဝါရီ ၂၆ ရက်စွဲဖြင့် ရေးသား ဖော်ပြခဲ့သည်။

အစိုးရသစ် လက်ထက် ၂၀၁၁ မှ ၂၀၁၃-၁၄ ဘဏ္ဍာ နှစ်ကုန်အထိ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသည် ဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံကျော် ၀င်ရောက်ခဲ့ပြီး တရုတ်နှင့် စင်ကာပူ နှစ်နိုင်ငံပေါင်း ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ခုနစ်ဘီလီယံကျော် ရှိခဲ့ကြောင်း ဧပြီ ၂၀ ရက်တွင် Eleven သတင်း ဌာနက ရေးသား ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွက် လက်ရှိ အချိန်ထိ အများဆုံး ရင်းနှီးမြှုပ်နှံထားသူများ စာရင်းတွင် တရုတ်နိုင်ငံက ဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ထိုင်းနိုင်ငံက ဒေါ်လာ ၁၀ ဒသမ ၁ ဘီလီယံဖြင့် ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားသူအဖြစ် ရပ်တည်လျက်ရှိသည်။

Ref: The Straits Times
မြန်မာသံတော်ဆင့်