ကားသွင်းခွင့်မူဝါဒ မပြောင်းတော့ဟု ဦးဝင်းမြင့် ကတိပေး

ပို့စ်တင်ချိန် - 5/09/2014 03:03:00 PM


အစိုးရသစ်လက်ထက်တွင် ကားတင်သွင်းခွင့်မူဝါဒနှင့် ပတ်သက်ပြီး မိမိလက်ကျန်သက် တမ်းတွင်ထပ်မံအပြောင်းအလဲ ပြုလုပ်တော့မည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြောကြားသည်။

‘‘ကျွန်တော်ဝန်ကြီးလုပ်တဲ့ကာလမှာ ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး မူဝါဒ ရှစ်ကြိမ်တိတိ ပြောင်းလဲခဲ့တယ်။ ဒါကြောင့် အခု ကတိပေးပါတယ်။ ကားနဲ့ ပတ်သက်ပြီး မူဝါဒ အပြောင်းအလဲ ဘာမှမလုပ်တော့ပါဘူး’’ဟု ၀န်ကြီးက မေလ ၈ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်သည့် မာစီးဒီးဘင့်ဇ် ကားအရောင်းပြခန်း ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

ကားတင်သွင်းမှု မူဝါဒများ ကို ၎င်းလက်ထက်တွင် ပုံစံ အမျိုးမျိုးဖြင့် ဖြေလျှော့ပေးခဲ့ပြီး ယနေ့အထိ ကားအစီးရေ သုံးသိန်းကျော်အား တင်သွင်းခွင့်ပါမစ် ထုတ်ပေးပြီးဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောသည်။

‘‘ဒီလိုပြောတာကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေက တစ်နေ့၊ တစ်နေ့ ကားနဲ့ပတ်သက်ပြီး ဘာပြောင်းမယ်၊ ညာပြောင်းမယ်ကြားတော့ စိတ်ပူ နေရတာ’’ဟု မြမြင့်မိုရ်ကားအရောင်းပြခန်း မန်နေဂျာ ဦးစိုးမြင့် ကပြောသည်။

ပြီးခဲ့သည့်လကလည်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကားဟောင်းတင်သွင်းခွင့် စလစ်များ ဖျက်သိမ်းမည်ဟု မီဒီယာများအားပြောကြားထားဖူးခဲ့သည်။

မိုးညို
7Day Daily