ပြည်မြို့တွင် အမိန့်ရအပေါင်ဆိုင် မီးလောင်

ပို့စ်တင်ချိန် - 5/09/2014 06:24:00 AM


Written by ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း ပြည်ခရိုင်ပြည်မြို့ ခေတ္တရာမြို့သစ်ရပ်ကွက်တွင် မေလ ၈ ရက် နံနက်က အမိန့်ရ အပေါင်ဆိုင်တစ်ခု မီးလောင်ခဲ့ပြီး အပေါင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်ဟု ခေတ္တရာမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က မဇ္ဈိမပြောသည်။



“အပေါင်ပစ္စည်းတွေ အကုန်လုံး ပါသွားတယ်။ အစုံပဲ အဝတ်အထည်များတယ်။ စက်ဘီးများတယ်။ ဆိုင်ကယ်လည်းပါတယ်။ ဆိုင်ကယ်က
သိပ်မများဘူး”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ပြောသည်။

အပေါင်ဘောက်ချာများတွင် ရန်သူမျိုးငါးပါး ဖျက်စီးပါက တာဝန်မယူကြောင်း ပါရှိပြီး မီးလောင်ဆုံးရှုံးသည့် အပေါင်ပစ္စည်းများနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်ပေးမည်ကို မသိနိုင်သေးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ကပြောသည်။

ထိုနေ့နံနက် ၁နာရီ က ခေတ္တရာမြို့သစ်ရပ်ကွက် (၃/၁ဝ) လမ်းရှိ ဦးရဲထွန်းပိုင် (၄ဝ×၆ဝ×၁၈)ပေ သွပ်မိုး ပျဉ်ကာ မြေစိုက် အမိန့်ရအပေါင်ဆိုင် အဆောက်အဦးတွင် အဲယားကွန်း အပူလွန်ကဲပြီး မီးလောင်ကျွမ်းသဖြင့် အပေါင်ပစ္စည်း အားလုံး ပါသွားခြင်း ဖြစ်သည်။

မီးလောင်သည့်နေရာသို့ မီးသတ်ကား ၈ စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၁၇ဝ) ကျော် လာရောက်ခဲ့ပြီး နာရီဝက်ကြာ မီးငြိမ်းသတ်ခဲ့ရသည်။

မီးလောင်ကျွမ်းမှုကြောင့် အပေါင်ဆိုင် ပိုင်ရှင် ဦးရဲထွန်းကို ပြည်မြို့ မြို့မရဲစခန်းတွင် (ပ)၂၆၅/၂ဝ၁၄ ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

Mizzima Burmese