ရွေးကောက်ပွဲ ကာလ မဲဆွယ်ခွင့် NLD မေးမြန်းမှုကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြန်လည် ဖြေရှင်းချက် ရှေ့နောက် မညီဟု NLD ဝေဖန်

ပို့စ်တင်ချိန် - 5/09/2014 05:16:00 PM


 ရန်ကုန်၊ မေ ၅

 ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့်နှင့် ပတ်သက်သော သဘောထားများကို NLD ပါတီမှ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား စာဖြင့်ရေးသား မေးမြန်းရာတွင် အမေးနှင့်အဖြေ ရှေ့နောက်မညီဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မေလ (၅)ရက်နေ့တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြား လိုက်သည်။

NLD ပါတီသည် ရွေးကောက်ပွဲကာလ မဲဆွယ်မှုနှင့် ပတ်သက်သော သဘောထားများကို ဧပြီလ ၂၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံ စာရေးသား မေးမြန်းခဲ့သည်။ကော်မရှင်မှလည်း ၎င်းတို့၏ သဘောထားများကို မတ်လ ၄ရက်၊ NLD ပါတီထံ ပြန်လည်ပေးပို့ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောစကားများနှင့် ယခုပြန်လည်ဖြေဆို ပေးပို့သော သဘောထားများ ရှေ့နောက် ညီညွတ်မှု မရှိခြင်းအပေါ် NLD ပါတီမှ ပြန် လည် ဝေ ဖန်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပါတီက သူပုသိမ်မြို့ ခရီးစဉ်မှာ ပြောတဲ့စကားရဲ့ သဘောထားကို သိချင်လို့ စာရေးသား မေးခဲ့တယ်။ သူကမေးတာကို မဖြေဘဲ ဆန့်ကျင်ဘက် ဘာပြောလဲဆိုတော့ ရွေးကောက်ပွဲဝင်မယ့် သူရော၊ သူ့ရဲ့ကိုယ်စားလှယ်ရော၊ ပါတီက ကိုယ်စားလှယ်ရော ၀င်ပြီး မဲဆွယ်စည်းရုံးခွင့် ရှိတယ်လို့ ဖြေထားတယ်။ အရင်ဂျာနယ် တွေထဲမှာပါတဲ့ ဟာတွေနဲ့တော့ မတူတော့ဘူးပေါ့ဗျာ။ နောက်တစ်ခုက ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(က၊ ခ၊ ဃ)လားမသိ အဲဒါတွေ ညွှန်းထားတယ်။ အဲဒီ ဥပဒေတွေကို ကြည့် လိုက်တော့ ဥပဒေပုဒ်မ (၁၀)မှာ သူပြောတဲ့ဟာတွေ ပါမလာဘူး။ ဘာတွေမှား ပြောလဲတော့ မသိဘူးဟု”” ဦးဉာဏ်ဝင်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဧပြီလ ၇ ရက်နေ့က ပုသိမ်မြို့ ခရီးစဉ်တွင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်သည့်နေရာတွင် မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်းများကိုသာ မဲဆွယ်စည်းရုံးခွင့် ပြုမည်ဟု ပြောဆိုခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။

ဦးဉာဏ်ဝင်းက ““အမေးနဲ့အဖြေ လွဲနေတဲ့အပေါ်မှာတော့ ပညာ၊ တာဝန် မသိဘဲနဲ့ မာနတွေ ရှေ့တန်း တင်ထားတော့ အဲဒီလိုတွေ ဖြစ်လာတယ်။ သူပြောတဲ့ ဟာတွေက ဥပဒေရော အာဏာအပ်နှင်း ထားခြင်း မရှိတဲ့ ဟာတွေကို သူက လုပ်ပိုင်ခွင့်ရှိနေတယ် ထင်နေတာ””ဟု ၎င်းက ဆက်လက်ပြောသည်။

NLD ပါတီမှ ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့်နှင့် ပတ်သက်သော သဘောထားများကို ပါတီတိုင်း သိရှိနိုင်ရန် ဒုတိယအကြိမ် ရွေးကောက်ပွဲ ကော်မရှင်ထံ စာရေးသား ပေးဖို့ရန် စီစဉ်လျက်ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယခင် စစ်တက္ကသိုလ် DSA အပတ်စဉ် ၉ ဆင်းဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) တစ်ဦးဖြစ်သည့် အပြင် ယခင် န၀တကောင်စီဝင် (ယခင် ဦးပိုင် လီမိတက် ဥက္ကဋ္ဌ၊ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး)အဖြစ် ထမ်းဆောင် ခဲ့သူလည်း ဖြစ်သည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်မှ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးဝင်းဦးခိုင်ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ကျော်စိုးဦး

Myanmartandawsint Newspaper