တန်ဖိုး အလယ် အလတ်ပိုင်းတွေ ပိုသွက်လက်နိုင်တဲ့ အိမ်ခြံမြေဈေးကွက်

ပို့စ်တင်ချိန် - 5/09/2014 05:34:00 PM


မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လာမယ့် ကာလတွေမှာ တန်ဖိုးအမြင့်ထက် ကျပ်သိန်း ၁၀၀၀ ပတ်လည် တန်ဖိုးအလယ်အလတ်ပိုင်း အိမ်မြေအပိုင်းတွေမှာ အရောင်းအဝယ်ပို သွက်နိုင်ကြောင်း
  သုံးသပ်ကြပါတယ်။ အိမ်ခြံမြေ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အရောင်းအဝယ်ပါးလို့ စိတ်ပျက် လက်ပျက် ဖြစ်နေခဲ့ကြရတာ အချိန်နှစ်နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဈေးကွက်မှာ ဝယ်ယူရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အတိုင်းအတာ တစ်ခုအထိ ထိရောက်နိုင်မယ့်အပြောင်းအလဲတချို့ ဖြစ်ပေါ်လာတာကြောင့် ဈေးကွက်ဟာ ပြန်လှုပ်ရိပ်ပြလာခဲ့တာပဲ
 ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဟာ ဆိုခဲ့သလိုပဲ “အတိုင်းအတာတစ်ခု” အထိသာဖြစ်ပြီး အရှိန်အဟုန်နဲ့ အလုပ်ဖြစ်ဖို့ကတော့ အပြည့်အဝ မမျှော်လင့်နိုင်သေးကြောင်း အိမ်-မြေ အကျိုးဆောင်တွေက ပြောကြပါတယ်။

အိမ်-မြေ ဈေးကွက် ငြိမ်သက်ခဲ့ရတာဟာ မြေဈေးကစားမှုတွေရဲ့ဂယက်အဖြစ် ဈေးကွက် ကမောက်ကမ ဖြစ်ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ရောင်းခွန်ဝယ်ခွန်နှုန်းထားတွေ တိုးခဲ့တာကြောင့် ဝယ်ရောင်းတွေရော၊ နေဖို့ ဝယ်ချင်သူတွေပ အလုပ်လုပ်ဖို့ လက်တွန့်ကုန်ကြတာကြောင့် ဖြစ်ပါတယ်။ အဲဒါတွေ နောက်ပိုင်းမှာ အိမ်-မြေ ရောင်းဝယ်ကြရာမှာ ကျင့်သုံးဖို့ နေရာအလိုက် အိမ်- မြေ တန်ဖိုး စံနှုန်းတွေ သတ်မှတ်တဲ့ ကိစ္စရပ်တွေကလည်း အိမ်-မြေ ဈေးကွက်မှာ လှုပ်ရှားနေသူတွေကို အလုပ်လုပ်ဖို့ထက် ဈေးကွက် ဘာဆက်ဖြစ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြဖို့ ပိုစိတ်အားသန်စေခဲ့ပါတယ်။

 အခုနောက်ဆုံး အပြောင်းအလဲအဖြစ် အိမ်-မြေ ရောင်းဝယ်ရာမှာ ပေးဆောင်ရတာ များပြားတယ်လို့ သုံးသပ်နေကြတဲ့ အခွန် ၃၀ ရာခိုင် နှုန်းကို ပြန်လည်လျှော့ချပေးလိုက်တာမှာ အရောင်းအဝယ် လုပ်မယ့်သူတွေကို အတိုင်းအတာတစ်ခုအထိ လှုပ်ရှားလာစေနိုင်ပါလိမ့်မယ်။ ဒီနေရာမှာ အခွန်လျှော့ချပေးရာမှာ အိမ်-မြေ တန်ဖိုးအဆင့်အလိုက် ရာခိုင်နှုန်း ခွဲခြား သတ်မှတ်လျှော့ချထားတာကြောင့် တန်ဖိုးအမြင့်တွေထက် အလယ်အလတ်နှုန်းထားတွေသာ အရောင်းအဝယ် ပိုသွက်လိမ့်မယ်လို့ ခန့်မှန်းကြတာပဲဖြစ်ပါတယ်။ အခွန်နှုန်းထားကို ပြောင်းလဲလိုက်တာမှာ အိမ်-ခြံ-မြေ တန်ဖိုး ကျပ်သိန်း ၅၀၀ အောက်ကို သုံးရာခိုင်နှုန်း ကျပ်သိန်း ၅၀၀ မှ ၁၅၀၀ အထိကို ၁၀ ရာခိုင်နှုန်း ကျပ်သိန်း ၁၅၀၀ မှ ၃၀၀၀ ကြားကို ၂၀ ရာခိုင်နှုန်း ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခွန်ဆောင်ဖို့ ရာခိုင်နှုန်းနည်းမယ့် ကျပ်သိန်း ၁၀၀၀ ပတ်လည်တွေကို ဝယ်ရောင်းတွေ ပိုမျက်စိကျနိုင်တာကြောင် ဒီအပိုင်းတွေ ပိုအလုပ်ဖြစ်နိုင်မယ်လို့ သုံးကြတာပါ။

ဒါ့ပြင် အခုအခွန်လျှော့ထားတဲ့ စနစ်ဟာ ဝင်ငွေရလမ်းမဖော်ပြနိုင်သူတွေအတွက်လည်း ဝယ်၊ ရောင်း အဖြစ်ရင်းနှီးမြှုပ်နှံဖို့အခွင့်အလမ်းဖြစ်ပြီးအိမ်မြေဈေးကွက် ကောင်းကောင်း ပြန်လည်ပတ်နိုင်မလား၊
 ဈေးနှုန်းတန်းတွေ အပြောင်းအလဲဖြစ်တဲ့အထိ ရိုက်ခတ်မှုရှိနိုင်မလား၊ ဘယ်အတိုင်းအတာအထိ ပြောင်းလဲမှုဖြစ်ဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Yatanarpon