ပွဲလန့်တုန်း ဖျာခင်းသွားတဲ့ ပြည်ခိုင်ဖြိုး ပါတီဟု ဒေသခံများကဆို

ပို့စ်တင်ချိန် - 5/09/2014 05:15:00 PM



 မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ထန်းလုံးတပ် ကျေးရွာ၌ ၅  မိုင်အရှည်ရှိ  ကျေးရွာကိုယ်ထူ ကိုယ်ထလမ်းကို ပြည်ခိုင်ဖြိုး အမည်ဖြင့် ပြည်ထောင်စု နေ့စဉ်သတင်း စာ၌ ထည့်သွင်းဖော်ပြခဲ့ခြင်းကြောင့် ကျေးရွာ လူထုဒေသခံ တစ်ထောင်ကျော်ခန့် မေ ၆ ရက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ကာ““ပြည်ခိုင်ဖြိုး ပါတီ အနေနဲ့ ကျွန်တော်တို့ ကျေးရွာလမ်းလေး အပေါ် ပွဲလန့်တုန်း ဖျာခင်းခဲ့တာပါ””ဟု ဒေသခံများက ဆိုကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ““ပြည်သူနှင့်ပါတီ ပူးပေါင်းဆောင်ရွက်ကြဖို့””ဟု မကြာခဏ ပြောခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး၏ မြို့နယ်ဖြစ်သော ထန်းလုံးတပ်ကျေးရွာရှိ ၅ မိုင် အရှည်ရှိ လမ်းကလေးကို ပြည်ခိုင်ဖြိုးပါတီဝင်များက ပြည်ထောင်စု နေ့စဉ်သတင်းစာတွင် ဖော်ပြပေးခဲ့ခြင်းကြောင့် မည်သည့်ပါတီဝင်မှမဟုတ်သော ကျေးရွာသားများ က ကျေနပ်မှုမရှိဘဲ သတင်းစာ ရှင်းလင်းပွဲကျင်းပပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ထန်းလုံးတပ်ကျေး ရွာဒေသခံဦးခင်မောင်မိုးကို မေးမြန်းရာ ““ကျွန်တော်တို့ ရွာကလေးမှာရှိတဲ့ ပြည်သူတွေက ဘယ် ပါတီမှမ၀င်ဘူးဗျ။ အဲဒါကို ပြည်ခိုင်ဖြိုးပါတီက ကျွန်တော်တို့ရွာက ရွာသား ၅ ဦးကိုခေါ်တယ်။ အင်္ကျီ ၅ထည်ဝတ်ခိုင်းပြီး ပြည်ခိုင်ဖြိုးကပဲ လုပ်တယ်ဆိုပြီး ပြည်ထောင်စုနေ့စဉ် သတင်းစာမှာ ခရိုင်စည်းရုံးမှူးနဲ့ မြို့နယ်စည်းရုံးရေးမှူးတို့က ဦးဆောင်ပြီး ဒီလမ်းကိုခင်းတယ်ဆိုပြီး ထည့်ထား တယ်ဗျာ။ ကျွန်တော်တို့ရွာက ပြည်သူတွေက ဒီလိုလုပ်ရပ်ဟာ ပွဲလန့်တုန်းဖျာခင်းတာ။ အဲဒါကို ပြည်သူလူထုကမကျေနပ်လို့ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ””ဟု ဆိုသည်။

အဆိုပါကိစ္စနဲ့ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတံတားဦးပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်သန္တာကို မေးမြန်းရာတွင် ““ဒီလုပ်ရပ်အပေါ်ရွေးကောက်ပွဲကော်မရှင်က ပြင်း ပြင်းထန်ထန်အရေးယူသင့်တယ်။ ပြည်သူတွေအနေနဲ့ အေးချမ်းသာယာနေတာကို တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တည်ငြိမ်သွားအောင် လုပ်ပေး သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်ပါတီမှမ၀င်ကြတဲ့ ကျေးရွာသားတွေဟာ ကိုယ်ထူကိုယ်ထနဲ့ လုပ်နေတာဆိုတော့ ပေါက်ကွဲမှုတွေ ဖြစ်လာတာပေါ့””ဟု ဆိုသည်။

၎င်းကိစ္စအပေါ် ကျေးရွာရှိပြည်သူများနှင့် ဒေသခံများကလိုအပ်ပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဒေသခံများက ဆိုကြကြောင်းသိရသည်။

စိုးဝင်းနိုင်
Hot News Journal