မင်းသားရဲ့ ပါး၊ နှုတ်ခမ်း၊ နားနဲ့ ရင်ဘတ်ကို နမ်းရမည့်အခန်းပါ၍ သက်မွန်မြင့်မရိုက်ခဲ့သည့် "ကျွန်မက နှင်းဆီပါမောင်" ရုပ်ရှင်ကား ပြပြီ

ပို့စ်တင်ချိန် - 5/09/2014 10:21:00 PM


အားလုံးသိကြတဲ့အတိုင်း ဒါရိုက်တာဝိုင်းက သူရိုက်ကူးမယ့် 'ကျွန်မက နှင်းဆီပါမောင်'
ရုပ်ရှင်ဇာတ်ကားကို 'အာဒံရယ်၊ ဧ၀ရယ်၊ ဒဿ ရယ်' ဇာတ်ကားမှာ သူနဲ့လက်တွဲပြီး အကယ်ဒမီ
ရခဲ့တဲ့ သက်မွန်မြင့်နဲ့ ရိုက်ကူးဖို့ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ မူရင်းဝတ္ထုထဲမှာ မပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေဖြစ်တဲ့ မင်းသားရဲ့ ပါး၊ နှုတ် ခမ်း၊ နားနဲ့
ရင်ဘတ်တို့ကို နမ်းပြီးသရုပ်ဆောင်ရမယ့်အခန်း ပါဝင်တာကြောင့် ဇာတ်ကားရိုက်ကူးဖို့
သက်မွန်မြင့်က ငြင်းဆန်ခဲ့ပါတယ်။

စာရေးဆရာမ ပုညခင်ရဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးတာဖြစ်တာကြောင့် စာရေးဆရာမကလည်း
မြန်မာ့ယဉ်ကျေးမှုအရ ရိုက်မပြသင့်တဲ့ အခန်းတွေကို ဖြုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒါရိုက်တာ ၀ိုင်းက လက်မခံခဲ့ပါဘူး။ အခုတော့ ကန့်ကွက်မှုတွေ ရှိခဲ့တဲ့ 'ကျွန်မက
နှင်းဆီပါမောင်' ရုပ်ရှင်ဇာတ်ကားကြီးကို ပြီးခဲ့တဲ့စနေနေ့က မင်္ဂလာစံပြရုပ်ရှင်ရုံမှာ အထူးပွဲအနေနဲ့
ဧည့်ပရိသတ်များကို ပြသနိုင်ခဲ့ပါပြီ။

ဘ၀ရဲ့ အလှည့်အပြောင်းတွေကို ခါးစည်းခံခဲ့ရတဲ့ ထားသခင်အဖြစ် အကယ်ဒမီ ဖွေးဖွေးက
တကယ့်ကိုပီပီပြင်ပြင်နဲ့ ပိုင်နိုင်စွာသရုပ်ဆောင်ခဲ့တာကြောင့် ဇာတ်ကားကြည့်ခဲ့ရတဲ့စာရေးသူ
ကတော့ ထားသခင်နေရာက ဖွေးဖွေးနဲ့တောင် ပိုပြီးအံဝင်ခွင်ကျဖြစ်တယ်လို့ ခံစားမိပါတယ်။

'ကျွန်မက နှင်းဆီပါမောင်' ရုပ်ရှင်ဇာတ်ကားကြီးမှာ ထားသခင်က ဖခင်နဲ့ မိခင်တို့ရဲ့ တကွဲတပြားစီ
ဖြစ်နေတဲ့ အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဖခင်ရဲ့အမေ လောင်းကစားကို ခုံမင်တဲ့ အဘွား
သူဌေးမကြီး ဒေါ်ထားခင်ရဲ့ အရိပ်အောက်မှာ ကြီးပြင်းခဲ့ရတဲ့ မြေးမလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဘွားအေရဲ့အလို လိုက်မှုနဲ့ ငယ်ရွယ်စဉ်ကတည်းက တစ်ပါးသူအပေါ် အဆင့်အတန်း ခွဲခြားဆက်ဆံ
ပြီး မောက်မာတဲ့ ကလေးမလေးတစ်ယောက်ပေါ့။

တစ်နေ့မှာ သူမတို့ ပိုင်ဆိုင်တဲ့ ပြင်ဦးလွင်က မဟူရာစံအိမ်ကြီးကို သွားရောက်လည်ပတ်ရင်း
ခြံထဲမှာ အလုပ်လုပ်တဲ့ စိုင်းခွန်းသဆိုတဲ့ ရွယ်တူကောင်လေးနဲ့ အလုပ်သမား၊ အလုပ်ရှင်
ဆက်ဆံရေးပုံစံနဲ့ တွေ့ဆုံခဲ့ပါတယ်။

မာနကြီး ခက်ထန်တဲ့ထားသခင်ရဲ့ ဗိုလ်ကျတဲ့အပြုအမူ တွေဖြစ်တဲ့ ဖိနပ်စီးခိုင်းတာ၊ ဖိနပ်ရေဆေး
ခိုင်းတာ စတာတွေကြောင့် ခွန်းသအနေနဲ့ မကျေမနပ်ဖြစ်ရပုံတွေကို ၀ါရင့်ကလေးသရုပ်ဆောင်
ဟဲဗီးဖြိုးနဲ့ ယွန်းယွန်းတို့က သဘာဝကျကျ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။

နောက်တစ်ခေါက် ပြင်ဦးလွင်ကို သွားရောက်တဲ့ အခါမှာလည်း လူပျို၊ အပျိုအရွယ်ဖြစ်နေပေမယ့်
ထားသခင်က နောက်ထပ်တစ်ကြိမ် သူ့ဖိနပ်ကို ခွန်းသအနေနဲ့ ထပ်စီးပေးရတဲ့အခြေအနေတွေ
ဖြစ်အောင်လုပ်လိုက်တဲ့အခါမှာတော့ ခွန်းသအနေနဲ့ အမျက်ဝင်လို့ ထားသခင်ကို တစ်နေ့
ပိုင်ဆိုင်ရမယ်လို့ဆိုပြီး သူမရဲ့ ရှေ့မှောက်မှာပဲ ကြုံးဝါးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထားသခင်ရဲ့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားတယ်လို့ ဆိုရမှာပါ။

နိုင်ငံခြားမှာရှိတဲ့ ဖခင်ဖြစ်သူလည်း သေ၊ အဘွားရဲ့ လောင်းကစားကြွေးတွေကြောင့် ပိုင်ဆိုင်မှုတွေ
ကုန်တဲ့အပြင် အဲဒီစိတ်နဲ့ပဲ အဘွားဖြစ်သူဟာ နောက်ဆုံးမှာ ကွယ်လွန်သွားပါတော့တယ်။

တစ်ကောင်ကြွက်ဘ၀ ရောက်သွားတဲ့အခါမှာတော့ ထားသခင်ဟာ တစ်ဝမ်းတစ်ခါးအတွက်
လောကဓံရဲ့ ကြမ်းတမ်းမှုတွေကို စတင်ရင်ဆိုင်ရပါပြီ။

ပထမဦးဆုံးအလုပ်ဖြစ်တဲ့ ဖိနပ်ရောင်းတဲ့ ကောင်တာမှာ အရောင်းစာရေးမအလုပ်ကိုလည်း သူမရဲ့
ကြွပ်ဆတ်ဆတ်အမူအရာကြောင့် မလုပ်နိုင်ခဲ့ပြန်ပါဘူး။

အဲဒီအချိန်မှာပဲ သူဌေးကြီးတစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ ခွန်းသနဲ့ တွေ့ဆုံလို့ ထားသခင်နဲ့ ခွန်းသ
တို့ နှစ်ယောက်ရဲ့ မာနနဲ့ ကလဲ့စားချေမှုတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းဆုံးတဲ့အထိ တစ်ယောက်ကိုတစ်ယောက် ကလဲ့စားချေ၊ အနိုင်ယူမှုတွေကြားမှာပဲ
ပြီးဆုံးသွားမလား၊ ကလဲ့စားချေမှုတွေကနေ အချစ်စစ်အဖြစ်ပဲ ပြောင်းလဲနိုင်မလားဆိုတာကို
မကြာခင် ရုံတင်လာတဲ့အခါမှာတော့ သွားရောက်ကြည့်ရှုပြီး အဖြေထုတ်ကြပါလို့။

အဲဒီထဲမှာ အများက လက်မခံနိုင်တဲ့ ဇာတ်ဝင်ခန်းဖြစ်တဲ့ ဇာတ်ကောင် ခွန်းသကို ထားသခင်က
နမ်းတဲ့အခန်းကလည်း မြန်မာ့မျက်စိ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ယှဉ်ရင် မရိုင်းရလေအောင် လှည့်ကွက်
တွေသုံးထားတဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ အရည်အချင်းနဲ့ နေတိုး၊ ဖွေးဖွေးတို့ရဲ့ သဏ္ဌာန်လုပ်
သရုပ်တူအောင် အနုပညာဆန်ဆန် တင်ဆက်ထားတာကို တွေ့ရမှာပါ။

စာရေးဆရာမ ပုညခင်ရဲ့ အုပ် ၁၀၀ ပြည့် ၀တ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး နဂိုမူရင်း ၀တ္ထုမှာ
ကတည်းက ပရိသတ်အားပေးမှုကို တစ်ခဲနက်ရထားတဲ့အပြင် နာမည်ကျော် ဒါရိုက်တာဝိုင်းရဲ့
ခံစားမှုတွေကို ဖြည့်စွက်လိုက်တဲ့အခါမှာတော့ မြန်မာ့ရုပ်ရှင်ဈေးကွက်မှာ ပေါက်နေတဲ့ သာမန်
ချစ်ကြိုက်ကွဲညား ကလိထိုးရယ်ရတဲ့ ဟာသရုပ်ရှင်ဇာတ်လမ်းတွေထဲကနေ တကယ်ပဲ ကွဲထွက်လို့
နေပါတယ်။

ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ဖွေးဖွေး၊
အကယ်ဒမီ ယွန်းယွန်းနဲ့ ဟဲဗီးဖြိုးတို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်ကားကြာချိန်က ၂ နာရီ၊ မိနစ် ၂၀ ဆိုပေမယ့် နောက်ဆုံးပေါ် 4K Digital နည်းပညာနဲ့
ရိုက်ကူးထားတဲ့ ဇာတ်ကားသစ် ဖြစ်တာကြောင့် ရုပ်သံကြည်လင်ပြတ်သားမှုကို အပြည့်အဝ
ခံစားရမှာပါ။

ဒါ့ပြင် တစ်ကားလုံး အချိတ်အဆက်မိမိ ရိုက်ကူးတင်ဆက်သွားတဲ့ ဒါရိုက်တာရဲ့ အစွမ်းအစတွေနဲ့
သရုပ်ဆောင်တွေရဲ့ပီပြင်မှုကြောင့် ကြည့်ရှုတဲ့ပရိသတ်တွေ စိတ်ကျေနပ်စေမယ်လို့ ပြောချင်ပါ
တယ်။
 Myanmar Times