စန္ဒကိန္နရီ ရွှေဆံပင်တံတား” ဆောက်လုပ်လှူဒါန်းမည့် ဂီတငွေကြယ်ပွင့် သမီးငယ် မေသက်ထားဆွေ

ပို့စ်တင်ချိန် - 5/09/2014 12:59:00 PM


မြန်မာသံ ငွေကြယ်ပွင့် အဆိုတော် တစ်ယောက်ဖြစ်သူ မေသက်ထားဆွေ က စစ်ကိုင်း တိုင်းဒေသကြီး၊ ယင်းမာပင် မြို့နယ်၊ ရွှေဆံပင် တံတားနှင့် ကပိုင်ရွာ အနီးတွင် ၂၂စင်း မြောက် တံတား အဖြစ် စန္ဒကိန္နရီ ရွှေဆံပင်အမည်ရှိ တံတား တစ်စင်းအား ဆောက်လုပ် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတား အလှူနှင့် ပတ်သက်ပြီး ရွှေဆံပင် ဆရာတော် အရှင်ဝေပုလ္လက “သိန်း ၁ဝဝကျော်လောက် ကုန်ကျမယ့် တံတားတစ်စင်းကို မေသက်ထားဆွေက လှူ မှာပါ။ ရွှေဆံပင် တံတားနဲ့ အလောင်းတော် ကဿပလမ်းပေါ်မှာပါ။ မိုးတွင်းဆို သွားရလာရ ခက်ခဲတဲ့နေရာမှာ တံတားဆောက် လှူမှာပါ။

တံတား နာမည်က စန္ဒကိန္နရီ ရွှေဆံပင်တံတားလို့ နာမည်ပေးထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက စန္ဒကိန္နရီ သီချင်းနဲ့ နာမည်ကျော်ခဲ့ လို့ပါ။ သူ့ရဲ့အနုပညာကြေးတွေ နဲ့ မတည်ပြီးတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေလည်း ထည့်ဝင် လှူဒါန်းလို့ ရပါတယ်။ လာမယ့် ပွင့်လင်းရာသီ ကို စဆောက်မှာ ဆိုတော့ ပြီးတဲ့ အချိန်ကို အတိအကျကြီးပြောလို့ မရသေးပါဘူး။ တံတား အမျိုးအစား ကတော့ သံကူ ကွန်ကရစ် တံတားပါ။ အရှည်ကတော့ ၃၅ပေလောက် ခန့်မှန်းထားပါတယ်” ဟု မိန့်ဆိုပြောကြားသည်။

သီချင်း ဆို၍ ရရှိသော အနုပညာကြေး များကို မတည်ပြီး ပရိသတ် များနှင့်အတူ ပူးပေါင်း လှူဒါန်းမည့် “စန္ဒကိန္နရီ ရွှေဆံပင်” တံတားနှင့် ပတ်သက်ပြီး လှူဒါန်းရခြင်း အကြောင်း၊ အလှူဒါန ဖြစ်မြောက်စေရန် ပရိသတ်များအား လှုံ့ဆော် စကားကို မေသက်ထားဆွေက “အလောင်းတော် ကဿပကို သမီးတို့ သွားဖူး တယ်။ ရွှေဆံပင် ဆရာတော် ဦးဆောင်တဲ့ တံတား ၂၁ စင်းမြောက်အောင်ပွဲ မှာ သမီးက သွားဖျော်ဖြေရတယ်။ ဘုန်းဘုန်း ကလည်း သမီး တို့ကိုပြောတယ်။ အဲဒီဒေသ က တချို့ နေ ရာတွေမှာ တံတားတွေ မဆောက်နိုင်ဘူး။ မိုးရွာရင် ရေတအား စီးတော့ လှည်းတွေ၊ လူတွေ ရေနဲ့ ပါသွားရော။ အသက်တွေလည်း ဆုံးရှုံး ရတယ်တဲ့။ အဲဒါကြောင့် သမီး ရယ်၊ သမီး ပရိသတ်တွေ နဲ့အတူ တံတားဆောက် မယ် ဆိုပြီး စီစဉ်ဖြစ်တာပါ။

သမီး အခုဆိုထားတဲ့ အနုပညာ ကြေးတွေရယ်၊ သမီးပရိသတ်တွေကို လှူဒါန်းဖို့ လှုံ့ဆော် ပြီး လှူမှာပါ။ ပရိသတ်ကြီးလည်း သမီး ရဲ့တံတား အလှူကုသိုလ်မှာ ပါဝင်ကြ ပါဦး” ဟု ပြောသည်။

မေလ ၃ရက်နေ့မှာ ကျရောက်မည့် ရွှေဆံပင် ဆရာတော် အရှင် ဝေပုလ္လ၏ သက်တော် ၃၉နှစ်ပြည့် မွေးနေ့တွင် ရွှေဆံပင် တံတား တည်ဆောက်ရေး စခန်း၊ ပညာဒါနကျောင်း ရှိ ကျောင်းသား၊ ကျောင်း သူများအား အလှူ့ဒါယကာ၊ ဒါယိကာမများက လှူဒါန်း ကြမည့် အစီအစဉ်၌ တစ်တပ် တအား ပါဝင်မည့် မေသက်ထားဆွေ ၏ အလှူဒါန အစီအစဉ် များကို “ရွှေဆံပင် ဆရာတော် ရဲ့ မွေးနေ့မှာ အဲဒီ ကကျောင်းသား၊ ကျောင်းသူတွေ အတွက် သမီးက အရုပ်တွေ လှူမယ်။ စာအုပ်တွေ လည်း လှူမယ်။ စားစရာတွ လည်း လှူမယ်။

ခဲတံတွေ၊ ဘောပင်တွေ အကုန် လှူမယ်။ ဆရာတော့်ကျောင်း ကို ပစ္စည်းတွေတော့ ပို့လိုက်ပြီ။ သမီးကတော့ မြဝတီမှာ ဖျော်ဖြေပွဲ ရှိတဲ့အတွက် မသွားနိုင်တော့ဘူး” ဟု မေသက်ထား ဆွေ ကပြောသည်။

မျိုးမောင်

Popular Journal